Friday, January 24, 2014

ထောက်ကြန့်မှ စည်ပင်ဝန်ထမ်းနေအိမ်တွင် ပေါက်ကွဲမှုဖြစ် ကလေးနှစ်ဦးဒဏ်ရာရ

နန်းမြင့်၊ ယုဝေ

ထောက်ကြန့်မြို့နယ်၊ ဧကရာဇ်ရပ်ကွက်၊ စည်ပင်သာယာ သန့်ရှင်းရေးဌာန ဝင်းအတွင်းရှိ ဝန်ထမ်း
နေအိမ် လိုင်းခန်းတွင် ဇန်နဝါရီ ၂၃ ရက် နံနက် ၇ နာရီခွဲခန့်က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီး ကလေးနှစ်ဦးဒဏ်ရာရရှိခဲ့သည် ဟု ရန်ကုန်တိုင်းမီးသတ်ဦးစီးဌာနက အဆင့်မြင့် အရာရှိတစ်ဦးက မဇ္ဈိမကို ပြောသည်။

အဆိုပါဖြစ်စဉ်တွင် စည်ပင်သာယာ သန့်ရှင်းရေးဌာနအတွင်းရှိ ၆ ခန်းတွဲ တစ်ထပ်နေအိမ် လိုင်းခန်း၊ အခန်း (၆) ဓနိမိုး၊ ထရံကာ၊ ဝါးခင်းတွင် နေထိုင်သော ဦးလှဝင်း(ယာဉ်တင်ဝန်ထမ်း)၏ အိမ်တွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

ယင်းဖြစ်ပွားမှုသည် ကလေးငယ်များက ပေါက်ကွဲစေနိုင်သော အရာဝတ္ထုတစ်ခုအား ထုခွဲရာမှ ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး မည်သည့် ပစ္စည်းအမျိုးအစားက ပေါက်ကွဲသည်ကိုမူ ရဲဌာနနှင့် မီးသတ်ဦးစီးဌာနက ထုတ်ပြန်နိုင်ခြင်း မရှိသေးပေ။

ထိခိုက်ဒဏ်ရာရရှိသည့် ကလေးများ၏ဖခင် ဦးလှဝင်းက “လူကြီးတွေ အပြင်ထွက်နေတဲ့ အချိန်မှာ ဖြစ်တာ။ အိမ်မှာ ကလေးတွေပဲရှိတယ်။ ဘယ်ပစ္စည်းက ပေါက်ကွဲတာလဲမသိဘူး၊ ဖြစ်နေတဲ့အချိန်မှာ လူကြီးတွေမရှိဘူး။ ဘေးအိမ်က ဖုန်းဆက်မှ သိရတာ။ အကြီးလေးက ဘယ်လက်ကောက်ဝတ်ပြတ်သွားတယ်။ အငယ်မလေးက ဒဏ်ရာအနည်းငယ်ရတယ်” ဟုပြောသည်။

ထိုသို့ ပေါက်ကွဲမှုကြောင့် ဦးလှဝင်း၏ သားသမီးနှစ်ဦးဖြစ်သည့် မောင်မျိုးကို အသက်(၇)နှစ် ဝဲလက်ကောက်ဝတ်၊ ယာလက်သန်းကြွယ်ပေါက်ပြဲပြီး ဝမ်းဗိုက်ပေါက်ပြဲဒဏ်ရာ ရရှိခြင်းနှင့် ၁ဝလ အရွယ် ခိုင်ဇင်ဝင်း ယာတံတောင်ဆစ် ပွန်းပဲ့ကာ ဝမ်းဗိုက်ပေါက်ပြဲ ဒဏ်ရာရှိခဲ့သဖြင့် အင်းစိန်ပြည်သူ့ဆေးရုံကြီးမှ တစ်ဆင့် ရန်ကင်းကလေးဆေးရုံကြီးသို့ လွဲပြောင်းပို့ဆောင် ထားသည်။

ယင်းဖြစ်ပွားမှုအား GE တပ်မှ ဗိုလ်မှူးမျိုးဟိန်းစိုး၊ စစ်ဗျူဟာ -၂ မှ ဒုတိယဗိုလ်မှူးကြီးမျိုးခိုင်၊ တိုင်းရဲမှူးကြီး ဝင်းနိုင်ပါ အဖွဲ့ဝင် ၆ ဦး၊ စရဖ မှ အဖွဲ့ဝင် ၅ဦး၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့ဝင် ၃ဦး၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးအဖွဲ့မှ ၁၁ဦး၊ထောက်ကြန့်မီးသတ်တပ်ဖွဲ့စခန်းမှ တပ်ဖွဲ့ဝင် ၅ဦး၊ အရန်မီးသတ် ၅ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအဖွဲ့ဝင်က အဖွဲ့ဝင် ၁၁ ဦးတို့ သွားရောက်စစ်ဆေးခဲ့သည်။

No comments: