Monday, January 13, 2014

သိမ်းဆည်းခံလယ်မြေများပြန်ရရေး နေပြည်တော် တောင်သူများ သက်ဆိုင်ရာသို့ စာတင်မည်

စိုးသန်းလင်း

နေပြည်တော် မြို့ပြဖွံ့ဖြိုးရေးအပါအ၀င် ကျောက်မျက်ဟိုတယ်ဇုန်၊ ဂေါက်ကွင်းနှင့် အခြားစီမံကိန်းအသီး သီးအတွက် ဒေသခံတောင်သူများ၏ နှစ်ရှည်လများ စိုက်ပျိုးခဲ့သော လယ်ယာမြေများကို သက်ဆိုင်ရာ ဌာနအသီးသီးက သိမ်းဆည်းခဲ့ကြပြီး အဆိုပါစီမံကိန်းများ အပြည့်အ၀ အကောင်အထည်မဖော်နိုင်ဘဲ ကျန်ရှိနေသည့် လယ်ယာမြေများအား မူလပိုင်ရှင် လယ်သမားများထံ ပြန်လည်လွှဲပြောင်းပေးရန် သို့မဟုတ် သင့်လျော်မည့် နစ်နာကြေးပေးရန် တောင်သူများက သက်ဆိုင်ရာဌာနအသီးသီးထံသို့ နို့တစ်စာ ပို့သွားမည်ဖြစ်ကြောင်း နို့တစ်စာပေးနိုင်ရေး စီစဉ်ဆောင်ရွက်နေသော Myanmar Legal aid network (MLAN) အဖွဲ့မှCase Officer၊ တရားလွှတ်တော်ချုပ်ရှေ့နေ ဦးမြင့်သွင်က ပြောသည်။

“လယ်ယာမြေကို တပ်ကပဲသိမ်းသိမ်း၊ အစိုးရအဖွဲ့အစည်းကပဲ သိမ်းသိမ်း၊ စီမံကိန်းကပဲ သိမ်းသိမ်း၊ အ မှန်တကယ် စိုက်ပျိုးနေထိုင်တဲ့ တောင်သူတွေ မနစ်နာအောင် လုပ်ပေးရမယ်လို့ ဥပဒေမှာ ရှိပြီးသားပါ။ ဒီသရက်တောရွာမှာ တပ်ကသိမ်းထားခံရတဲ့ တောင်သူ ၁၀၈ ဦးရှိတယ်။ ခုနစ်နှစ်လောက် သိမ်းခံထားရ တာပါ။ နောက်ပြီး တောင်သူ ၃၃ ဦးရဲ့သီးနှံစိုက်ခင်းတွေလည်း ဖျက်ဆီးခံထားရတယ်”ဟု ၎င်းက ဥတ္တရ သီရိမြို့နယ်၊ သရက်တောကျေးရွာရှိ တောင်သူများနှင့် တွေ့ဆုံအပြီးတွင် မဇ္ဈိမသို့ ဖြေကြားခဲ့ခြင်း ဖြစ် သည်။

အဆိုပါ MLAN အဖွဲ့နှင့်အတူ ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူ၊ ဒက္ခိဏ သီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံလင်းတို့သည် ဒေသခံတောင်သူများနှင့် ဇန်န၀ါရီ ၁၁ ရက်တွင် တွေ့ဆုံခဲ့ကြပြီး တောင်သူတို့၏ နစ်နာဆုံးရှုံးမှုများ ပြန်လည်ရရှိရန် သက်ဆိုင်ရာ ဌာနအ သီးသီးသို့ နို့တစ်စာများ ပေးပို့သွားမည်ဖြစ်ရာ နေပြည်တော် ကျောက်မျက်ဈေးကွက်အတွက် ဧက ၉၉၀ ကျော် သိမ်းယူခဲ့ပြီး ဧက ၂၀၀ ခန့်က အသုံးပြုထားသဖြင့် မသုံးဘဲ ကျန်နေသည့် ဧက ၇၀၀ ကျော်ကို မူ လစိုက်ပျိုးခဲ့သည့် တောင်သူတို့အား ပြန်ပေးရန် နို့တစ်စာလည်း ပါဝင်ကြောင်း ဦးမြင့်သွင်က ဖြည့်စွက် ပြောပြသည်။

“နို့တစ်စာနဲ့အတူ တောင်သူတွေ အသိမ်းခံရတဲ့ လယ်ယာတွေရဲ့ ဧကပေါင်း တစ်ဧကကိုတစ်နှစ် ဘယ် လောက်နစ်နာသလဲ၊ ဘယ်နှနှစ်ရှိပြီလဲ ဆိုတာတွေနဲ့ တချို့နေရာမှာ သီးပွင့်နေတဲ့ သီးနှံတွေကို ဖျက်ဆီး ခံရလို့ နစ်နာခဲ့ရတာတွေကိုပါ တောင်သူတွေက လက်မှတ်ထိုးထားတဲ့ ဆုံးရှုံးနစ်နာမှုပမာဏတွေကို ပူး တွဲဖော်ပြပြီး သက်ဆိုင်ရာဌာနအသီးသီးကို ပေးပို့သွားမှာပါ”ဟုလည်း ပြောသည်။

နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာသား တောင်သူ ၃၃ ဦးတို့၏ စိုက်ပျိုးထားသော လယ်မြေ ၉ ဒသမ ၇၅ ဧက၊ ယာမြေ ၁၁၁ ဧကပေါ်ရှိ အပွင့်များပွင့်နေပြီဖြစ်သော ပဲခင်းများအား အမှတ် ၂ တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းမှ တပ်သားအင်အား ၃၀ ဦးခန့်တို့က ၂၀၁၃ ပဲရာသီတွင် ဓား များဖြင့် မွှေ့ယမ်းဖျက်ဆီးခဲ့ကြောင်း၊ အဆိုပါဆုံးရှုံးမှုအတွက် ၎င်းလေ့ကျင့်ရေးသင်တန်းကျောင်းအုပ်ကြီး ထံသို့လည်း နို့တစ်စာပို့သွားမည်ဖြစ်ကြောင်း ဒေသခံရွာသားတို့က မဇ္ဈိမသို့ ပြောသည်။

“တပ်မြေကို ရွာသားတွေက ကျူးကျော်တယ်လို့ သူတို့က ပြောတယ်။ ကျွန်တော်တို့နေတာ နှစ်၄၀ကျော် ပြီ။ အခု ကျွန်တော်တို့ကလေးတွေက ရွာဟောင်းနေရာမှာ ကျန်ခဲ့တဲ့ကျောင်းကို သွားတက်ပေမယ့် ဖြတ် သန်းခွင့်မပေးဘူး။ သိမ်းထားတဲ့ယာတွေအတွက်လဲ ဘယ်သူမှ ဘာလျော်ကြေးမှ တစ်ကျပ်မှ မရသေး ဘူး။ ဆုံးရှုံးသွားတဲ့ အဖျက်ခံရတဲ့ သီးနှံတွေအတွက်လဲ ဘာနစ်နာကြေးမှ မရဘူး”ဟု သရက်တောရွာ သား ဦးကိုလေးက ပြောသည်။

အလားတူ အခြားရွာသားတစ်ဦးဖြစ်သော ဦးမြင့်ကျော်ကလည်း ကိုယ့်ယာမြေမှာ ကိုယ်လုပ်စားချင်တာ ပေါ့ဗျာ၊ အခုဟာက အလကားသိမ်းသွားတာ၊ ကျွန်တော့်နှမ်းခင်း သုံးဧကဆိုရင် စစ်တပ်က ဓားနဲ့ လာ ယမ်းသွားခဲ့တာ၊ နစ်နာကြေးမရတဲ့အပြင် အငေါက်အငမ်းပါ ခံခဲ့ရသေးတယ်” ဟု ၀င်ရောက်ပြောကြားခဲ့ သည်။

လယ်ယာမြေသိမ်းဆည်းမှုကြောင့် တောင်သူများ နစ်နာဆုံးရှုံးမှုမရှိစေရန် ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းခဲ့သော အထူးစုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာ သုံးစောင်တို့ကို ပြည်ထောင်စုလွှတ် တော်တွင် ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက “လယ်ယာမြေပဋိပက္ခ များအား အမြန်ဆုံး အရေးယူဆောင်ရွက်ပေးပါရန် သမ္မတနှင့် အစိုးရအဖွဲ့အား တိုက်တွန်းကြောင်း သ၀ဏ်လွှာကို ပေးပို့ခဲ့ပြီးဖြစ်သည်။

No comments: