Friday, January 3, 2014

နိုင်ကျဉ်း ၃၅ ဦးကျော် ရာဇ၀တ်မှုစွဲချက်များကြောင့် ထောင်မှမလွတ်သေးဟုဆို

ဟိန်းကိုစိုး

နှစ်ကုန်တွင် နိုင်ငံရေးအကျဉ်းသား မရှိစေရဟု ၂၀၁၃ ခုနှစ်အတွင်း သမ္မတ ကတိပြုခဲ့သည့်အတိုင်း ဧပြီ လမှ ဒီဇင်ဘာလအထိ လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီ၏ စိစစ်မှုဖြင့် ၃၅၄ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း၊ ပုဒ်မခုနစ်ခုနှင့်သက်ဆိုင်သည့် ပြစ်ဒဏ်များကို ပယ်ဖျက်ခြင်းတို့ ဆောင် ရွက်ပြီးဖြစ်သော်လည်း ရာဇ၀တ်မှုစွဲချက်များဖြင့်တွဲဖက်၍ ပြစ်ဒဏ်ကျခံနေရသူ ၃၅ ဦးကျော် အကျဉ်း ထောင်များအတွင်း ကျန်ရှိနေသေးသည်ဟု နိုင်/ကျဉ်းကော်မတီဝင် ဦးရဲအောင်က ဇန်န၀ါရီ ၁ ရက်တွင် အတည်ပြု ပြောဆိုသည်။

“အခု ထောင်ထဲမှာ နိုင်ငံရေးပုဒ်မမကျန်ပေမယ့် ရာဇ၀တ်ပုဒ်မနဲ့ နိုင်ငံရေးအကျဉ်းသားတွေ ကျန်နေသေး တယ်။ ဒါတွေအတွက်ကိုလည်း ကော်မတီက ဆွေးနွေးပြီး တင်ပြထားပြီ ဘယ်လိုပုံစံနဲ့ လွှတ်ပေးမယ်ဆို တာကိုပဲ မသိတာ”ဟု ၎င်းက ပြောသည်။

အဆိုပါ ပြစ်ဒဏ်ကျခံနေရသူအားလုံးသည် လက်ရှိသမ္မတဦးသိန်းစိန် ၀န်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ဖူး သည့် စစ်အစိုးရလက်ထက်၌ ဖမ်းဆီးခံခဲ့ရသူများ ဖြစ်ကြသည်။

“အခုစာရင်းထဲမှာ နိုင်/ကျဉ်းလို့သတ်မှတ်ထားတဲ့ သန်းကိုဦးဆိုရင် ABSDF နဲ့စစ်ပြင်းထန်ချိန်မှာ တောင် ငူမှာ ဗုံးဖောက်မှုနဲ့ဖမ်းတယ်။ ဒါပေမဲ့ သူ့ကို တပ်ထားတာက ဖောက်ခွဲအပြင် မုဒိမ်း၊ လူသတ်၊ မီးရှို့၊ မတ ရားအသင်း ဒီလိုတွေ ဖွင့်ထားတယ်။ ရာဇ၀တ်မှုတွေနဲ့ပါ ဖွင့်ထားတာ။ ဒါပေမဲ့ အမှုဖြစ်စဉ်တွေက မခိုင် လုံတာကို တွေ့ရတယ်။ ဒီလိုတွေ လွတ်ဖို့ ဆွေးနွေးတင်ပြထားတယ်”ဟု ဦးရဲအောင်က ပြောသည်။

ယင်းတို့၏အရေးကိစ္စအပေါ် မည်သို့ ဆက်လက်ဆောင်ရွက်ရန်ရှိသည်ကို နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်အား မဇ္ဈိမက မေးမြန်းရာ၌မူ ရာဇ၀တ်ပုဒ်မများဖြင့် ပတ်သက်နေသူများအား တရား ဥပဒေအရ ဆောင်ရွက်ခြင်းဖြင့် ဖြေရှင်းပေးသွားမည်ဟု မဇ္ဈိမကို ပြောသည်။

“လူသတ်မှု၊ မူးယစ်မှုစတာတွေနဲ့ ပတ်သက်သူများကတော့ တရားဥပဒေအရ ဆက်လက်ဖြေရှင်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

နိုင်ငံရေးအကျဉ်းသားဟု ကော်မတီက သတ်မှတ်ထားသည့် ကျန်ရှိ ၃၅ ဦးအပေါ် စစ်အစိုးရလက်ထက် ချမှတ်ခဲ့သည့် ပြစ်ဒဏ်များသည် လွန်စွာရှုပ်ထွေးသဖြင့် ပြန်လည်စိစစ်ရာတွင် များစွာ ခက်ခဲနေသည်ဟု နိုင်/ကျဉ်းကော်မတီဝင်တစ်ဦးဖြစ်သူ ဦးဘိုကြည်က ပြောသည်။

“ဦးခင်ညွန့်လက်ထက်ကဆိုရင် နိုင်ငံရေးအကျဉ်းသားတွေကို သူတို့ခေါ်ချင်သလိုလာခေါ်ပြီးတော့ တပ် ချင်တဲ့ပုဒ်မတွေကို တပ်လိုက်တာ။ ဒါတွေက အခုချိန်မှာ ကော်မတီတွင်းစိစစ်မှုတွေပြုလုပ်ရတော့ အရမ်း ကို ရှုပ်ထွေးနေတယ်။ အခု ကျန်နေတာ ဒီဟာတွေအားလုံးပဲ။ တိုင်းရင်းသားတွေ အများဆုံး ပါတယ်”ဟု ၎င်းက ဆိုသည်။

အကျဉ်းထောင်များအတွင်း၌ အဆိုပါ ၃၅ဦးနှင့် ပိုင်နက်ကျူးလွန်မှု၊ ၀တ္တရားနှောင့်ယှက်မှုတို့ဖြင့် ပြစ်ဒဏ်ချခံထားရသည့် လယ်သမားအရေး ကူညီဆောင်ရွက်သူ ၇၀ ခန့် ကျန်ရှိနေသေးသည်ဟု ကော်မတီစာ ရင်းများက ဆိုသည်။

“သူတို့တွေကို ဒီတစ်ပတ်အတွင်းမှာ လွှတ်ပေးမယ်လို့တော့ ထင်တယ်။ ဒါပေမဲ့ ဘယ်လိုနည်းနဲ့ဆိုတာ ကိုတော့ မသိရသေးဘူး။ ဒီဟာကလည်း သမ္မတပြောထားတဲ့ ဒီဇင်ဘာအကုန် နိုင်ကျဉ်းမကျန်ရဘူးဆို တဲ့ဟာ ဟုတ်မဟုတ်ကိုလည်း ဒီမှာ ဆက်စောင့်ကြည့်ရမယ်”ဟု ဦးဘိုကြည်က သုံးသပ်သည်။

ဒီဇင်ဘာ ၃၀ ရက်စွဲဖြင့် သမ္မတ ထုတ်ပြန်ခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်တွင် မတရားအသင်းအက်ဥပဒေပါ ပြစ်မှုများ၊ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု (ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၂)၊ အကြည်ညိုပျက် အောင်ပြုလုပ်မှု (ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၄-က)၊ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပါ ပြစ်မှုများ၊ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပါ ပြစ်မှုများ၊ အများပြည်သူ၏အကျိုးပျက်စီးစေမှု (ပြစ်မှုဆိုင်ရာ ဥပ ဒေပုဒ်မ ၅၀၅)၊ ၁၉၅၀ ပြည့်နှစ်၊ အရေးပေါ်စီမံမှု အက်ဥပဒေပါ ပြစ်မှုများနှင့် ပြစ်ဒဏ်ကျခံနေရသူများ၊ ဒီဇင်ဘာလ ၃၁ ရက်အထိ ယင်းအမှုများဖြင့် ကြားနာစစ်ဆေးခံနေရသူများ အားလုံးကို လွတ်ငြိမ်းချမ်း သာခွင့်ပြုသည်ဟု ပါဝင်သည်။

No comments: