Monday, January 13, 2014

နေရှင်နယ်လိဂ် ၀ါရင့်နိုင်ငံခြားသား နှစ်ဦးနှင့် ကိုရီးယားတိုက်စစ်မှူးတစ်ဦး ဧရာဝတီခေါ်ယူ

ဆုအောင်

မြန်မာနေရှင်နယ်လိဂ် ရာသီသစ်အတွက် ပြင်ဆင်မှုအစောဆုံးပြုလုပ်ခဲ့သည့် ဧရာဝတီယူနိုက်တက် အသင်းသည် နိုင်ငံခြားကစားသမား ခေါ်ယူနိုင်ရန်အတွက် ကစားသမားအများအပြား စမ်းသပ်စစ် ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် မြန်မာနေရှင်နယ်လိဂ်အတွေ့အကြုံရင့်ကျက်သည့် နိုင်ငံခြားကစားသမား နှစ်ဦးနှင့် ကိုရီးယားတိုက်စစ်မှူးတစ်ဦးတို့ကို အပြီးသတ် စာချုပ်ခေါ်ယူနိုင်ခဲ့ပြီဟု ဧရာဝတီယူနိုက်တက် အသင်းပိုင်ဝက်ဘ်ဆိုဒ်တွင် ဖော်ပြခဲ့သည်။

ဧရာဝတီယူနိုက်တက်အသင်း ခေါ်ယူခဲ့သည့် ကစားသမားသုံးဦးမှာ နိုင်ဂျီးရီးယား ဗဟိုနောက်ခံလူ ကလစ်ဖို့ဒ်၊ အိုင်ဗရီကို့စ် ကွင်းလယ်ကစားသမားကိုနေးနှင့် ကိုရီးယားတိုက်စစ်မှူး ကင်ဆောင်မင်တို့ ဖြစ် ကြသည်။

အဆိုပါ ကစားသမား သုံးဦးအနက် ကလစ်ဖို့ဒ်မှာ ဆောက်သမ်းမြန်မာ၊ ဟံသာဝတီအသင်းများတွင် ကစားခဲ့ဖူးသူဖြစ်ပြီး ကိုနေးမှာလည်း ရတနာပုံ၊ မကွေး၊ နေပြည်တော်အသင်းများတွင် ကစားခဲ့ဖူးသည့် နေရှင်နယ်လိဂ်အတွေ့အကြုံရင့် ကစားသမားများ ဖြစ်ကြသည်။ ကိုရီးယားတိုက်စစ်မှူုး ကင်ဆောင် မင်းမှာမူ ကိုရီးယား K League Suwon Samsung FC အသင်းနှင့် စင်ကာပူနာမည်ကြီးကလပ် ဟုမ်းယူ နိုက်တက်တို့တွင် ကစားခဲ့ဖူးသူ ဖြစ်သည်။ ဧရာဝတီယူနိုက်တက်သည် အဆိုပါကစားသမားသုံးဦးအား ကိုးလသက်တမ်းရှိ စာချုပ်,ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။

ဧရာဝတီယူနိုက်တက်အသင်းနည်းပြချုပ် ဦးဆန်းဝင်းက “အစကတော့ နိုင်ငံခြားကစားသမားခေါ်ရင် မြန်မာနေရှင်နယ်လိဂ်မှာ မကစားဖူးတဲ့သူတွေကိုပဲခေါ်ဖို့ ရည်ရွယ်ခဲ့ပါတယ်။ ဒါပေမဲ့ ကစားသမား ၁၂ ယောက်လောက် စမ်းသပ်ပြီးတဲ့အချိန်မှာ ဒီမှာကစားခဲ့ဖူးတဲ့သူတွေရဲ့ ခြေစွမ်းက ပိုကောင်းနေတာ တွေ့ရပါတယ်။ ကလစ်ဖို့ဒ်နဲ့ ကိုနေးတို့ရဲ့ခြေစွမ်းက အသင်းနဲ့ ပိုအံဝင်တာ တွေ့ရပါတယ်။ ကျွန်တော် တစ်ယောက်တည်းရဲ့ဆုံးဖြတ်ချက်နဲ့ ခေါ်ခဲ့တာ မဟုတ်ပါဘူး။ အသင်းတာဝန်ရှိသူတွေလည်း လာ ရောက်ကြည့်ရှုပြီး နှစ်သက်လို့ စာချုပ်ဖြစ်ခဲ့တာပါ” ဟု ပြောသည်။

No comments: