Monday, January 13, 2014

ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ၃ ရက်ကြာဆွေးနွေးပွဲ စစ်တွေတွင်ပြုလုပ်

မောင်အေး

ရခိုင်ပြည်နယ် စစ်တွေမြို့ River village ဟိုတယ်တွင် “ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးနဲ့ တည်ဆောက်ရေး” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲတစ်ခုကို ဇန်န၀ါရီလ ၁၀ ရက်ကနေ ၁၂ ရက်နေ့အထိ ၃ ရက်ကြာပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် အဓိကဆွေးနွေးနေကြတဲ့ အကြောင်းအရာများကို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)ပါတီ အတွင်းရေးမှူး ဦးမျိုးကျော်က ယခုကဲ့သို့ ပြောသည်။

“အဓိကတော့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ State building ပါ။ ဒေါ်ခင်မမမျိုးက တိုင်းပြည်ကို ဘယ်လိုတည်ဆောက်ကြမလဲ။ ဘာကြောင့်တိုင်းပြည်တွေ ပြိုပျက်ရလည်း။ ဘယ်လိုစနစ်တွေနဲ့ သွားကြမလည်း။ နိုင်ငံတော်ဆိုတာဘာလည်း။ အစိုးရဆိုတာ ဘာလည်းဆိုတာတွေပေါ့။ တစ်နေ့က တော့ ရခိုင်ပြည်နယ်မှာ ရေလုပ်ငန်းနဲ့ပတ်သတ်လို့ မွေးမြူရေး။ ငါးတွေရှားပါး လာတဲ့ ကိစ္စတွေကို ဆွေးနွေးကြတယ်။ ဥက္ကဌ ဦးအေးသာအောင်က ဖယ်ဒရယ်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံ ဆိုတဲ့ ခေါင်းစဉ်နဲ့ဆွေးနွေးခဲ့ပါတယ်” ဟု ဆိုသည်။

ဆွေးနွေးပွဲတွင် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(RNDP)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီမှ ပါတီ ၀င်များ ရခိုင်လူမှုအဖွဲ့အစည်းတချို့မှ ခေါင်းဆောင်များအပါအ၀င် စုစုပေါင်းလူပေါင်း ၆၀ ခန့် တောက်ရောက် ဆွေးနွေးနေကြကြောင်း သိရသည်။

ဆွေးနွေးပွဲလုပ်ရတဲ့ ရည်ရွယ်ချက်ကိုလည်း ဦးမျိုးကျော်က ယခုကဲ့သို့ ဆက်ပြောသည်။

“ကျွန်တော်တို့ အခုပါတီနှစ်ပါတီပူးပေါင်းထားပါတယ်။သို့သော် ကျွန်တော်တို့ လျှောက်လွှာ တင်ထားတာ ကလည်း အချိန်ကြာနေပြီ အခုထက်ထိကျွန်တော်တို့ ပူးပေါင်းခွင့်မကျသေးဘူး။ ဆိုတော့ တခြားဘယ်လို နည်းတွေနဲ့ ကျွန်တော်တို့ အမျိုးသားရေးကိုလုပ်နိုင်မှာလည်း။ ညီညွတ်ရေးကိုလုပ်နိုင်မှာလည်း။ စည်းရုံးရေး ကိုလုပ်နိုင်မှာလည်းဆိုတဲ့ ရည်ရွယ်ချက်တွေပါတယ်” ဟု ဆိုသည်။

ယခုဆွေးနွေးပွဲတွင် ရခိုင်အမျိုးသားပါတီကြီး ၂ ပါတီကြီးအပြင် ရခိုင်လူမှုအဖွဲ့အစည်းမှ ခေါင်းဆောင်များပါ ပါဝင်ဆွေးနွေးကြသည့်အတွက် အားလုံးစည်းလုံး ညွတ်ညွတ်မှုရှိသည်ဟု မြင်မိကြောင်း ဦးမျိုးကျော်က ပြောဆိုသွားသည်။

No comments: