Thursday, January 2, 2014

ကျောက်တင်သင်္ဘော ပေါက်ကွဲမှုအပြီး ၆ ရက်အကြာ ပျောက်ဆုံးနေသူ ခြောက်ဦးအနက်မှ သုံးဦး၏အလောင်းများပြန်တွေ့

မျိုးသန့်

မန္တလေး စိန်ပန်းရပ် ချော်ဆိပ်တွင် ၂၀၁၃ခုနှစ် ဒီဇင်ဘာ ၂၇ ရက် နံနက်က ဖြစ်ပွားခဲ့သော ကျောက်တင် သင်္ဘော ပေါက်ကွဲမှုကြောင့် ခြောက်ဦး ပျောက်ဆုံးခဲ့ရာ ၂၀၁၄၊ ဇန်န၀ါရီ ၁ရက်တွင် အလောင်းသုံးလောင်း ပြန်လည်တွေ့ရှိခဲ့ကြောင်း မန္တလေး ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်များ အရသိရသည်။

အဆိုပါ ကျောက်တင်သင်္ဘောသည် ဧရာဝတီ မြစ်ကမ်းဘေးတွင် ဆိုက်ကပ်ထားသော သူရိန်ကျော်စိုးဝင်း ကျောက်တင်သင်္ဘောဖြစ်ပြီး ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ၂၇ရက် နံနက်၉နာရီ ၁၅မိနစ်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ယင်းပေါက်ကွဲမှုကြောင့် တစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရပြီး ခြောက်ဦးမှာ ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။ ပျောက်ဆုံးခဲ့သူ ခြောက်ဦးထဲမှ ဇော်ဇော် (ခ) ဇော်ဇော်အောင်၊ အာနိုး(ခ)အောင်ကျော်ဦးနှင့် ချစ်ကိုတို့၏ အလောင်းများကို ပြန်လည်တွေ့ခဲ့သည်။

"ပျောက်ဆုံးနေမှုတွေကို ရှာဖွေမှုတွေ လုပ်ကိုင်နေပါတယ်။ ဖြစ်ပွားခဲ့တဲ့သူတွေက ကျောက်တင် သင်္ဘောနဲ့ ပေ၂၅၀ အကွာအထိ လွင့်စင်ခဲ့ပြီး အဲဒီမှာရွှံ့ကျောက်စရစ်တွေကြားမှာ ပိမိနေတာဖြစ်ပါတယ်။ အဲဒီအတွက် ရှာဖွေမှုတွေ ပြုလုပ်ရာမှ တွေ့ရှိတာ ဖြစ်ပါတယ်၊ ကျန်သုံးဦးကိုလည်း ဆက်လက် ရှာဖွေမှုတွေကို လုပ်ဆောင်နေပါတယ်"ဟု ရှာဖွေရေး လုပ်ငန်းများကို လုပ်ဆောင်နေသော ရဲအရာရှိ တစ်ဦးက ပြောသည်။

သင်္ဘောပေါက်ကွဲမှုကြောင့် ဂဟေဆော် လုပ်သားနှင့် ရေယာဉ်မှူး သိန်းနိုင်တို့ကို အမှတ် (၇) ရဲစခန်းမှ (ပ) ၈၅၂/၁၃၊ ပြစ်မှုပုဒ်မ ၃၀၄-က/ ၃၃၈/ ၂၈၆ အရ အမှုဖွင့် စစ်ဆေးလျှက် ရှိသည်။

No comments: