Thursday, January 9, 2014

သီရိမင်္ဂလာဈေး ပျံကျဈေးသည်များနှင့် စည်ပင်ဝန်ထမ်းများ နှစ်ရက်ဆက် ပဋိပက္ခဖြစ်

အေးမြင့်စန်း

မြန်မာနိုင်ငံတွင် အကြီးဆုံးကုန်စိမ်းဈေးကြီးဖြစ်သည့် ရန်ကုန်၊ လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်းမကြီးပေါ်ရှိ သီရိမင်္ဂလာဈေးသစ် (ပိတောက်ချောင်းဈေး)တွင် ပျံကျဈေးသည်များနှင့် စည်ပင်ဝန်ထမ်းများ နှစ်ရက် ဆက်တိုက် ပဋိပက္ခဖြစ်ပွားခဲ့သည်ဟု ပိတောက်ချောင်းရဲစခန်းမှ တာဝန်ကျရဲတပ်ကြပ်ကြီး ၀င်းမောင်က ဇန်န၀ါရီ ၈ ရက်တွင် မဇ္ဈိမကို ပြောသည်။

ပဋိပက္ခဖြစ်ပွားခြင်းမှာ ရန်ကုန်တိုင်းမြောက်ပိုင်းခရိုင် စည်ပင်သာယာဈေးများရုံးလက်အောက်ခံဖြစ်သော သီရိမင်္ဂလာဈေးသစ်၏ ယာဉ်(၀င်/ထွက်) လမ်းနှင့် ဈေးရုံလမ်းများတွင် ဈေးရောင်းချနေသော ပျံကျဈေး သည်များနှင့် တာဝန်ကျစည်ပင်ဝန်ထမ်းများကြားတွင် ဖြစ်ပွားခြင်းဖြစ်ပြီး ဇန်န၀ါရီ ၇ ရက်နှင့် ၈ ရက် နံ နက်ပိုင်းတွင်ဖြစ်ခဲ့ကာ ထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့သည်။

ပိတောက်ချောင်းရဲစခန်းမှ တာဝန်ကျရဲတပ်ကြပ်ကြီး ၀င်းမောင်က “စည်ပင်နဲ့ ပျံကျဈေးသည်တွေ ဖြစ် ကြတာပါ။ ကျွန်တော်တို့က လုံခြုံရေးပိုင်းပဲ တာဝန်ယူခဲ့တာပါ။ စည်ပင်က အမှုမဖွင့်သေးပါဘူး။ စည်ပင် အမှုဖွင့်ရင်တော့ တရားခံတွေကို အရေးယူ ဆောင်ရွက်သွားမှာပါ။ အခု စခန်းမှာ အရေးယူထားတာ မရှိ ပါဘူး”ဟု ပြောသည်။

ဈေးမျက်နှာစာရှိ ကားရပ်နားရန်နေရာများတွင် ပျံကျဈေးသည်များ ဈေးမရောင်းရန် ဈေးတာဝန်ခံရုံးက ဇန်န၀ါရီ ၃ ရက်က ထုတ်ပြန်ထားသော်လည်း ဆက်လက်ရောင်းချနေသောကြောင့် ရှင်းလင်းရာမှ ယင်းကဲ့သို့ ပဋိပက္ခများ ဖြစ်ပွားရခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ပိတောက်ချောင်းရဲတပ်ဖွဲ့စခန်း အစီရင်ခံစာတွင် ဒုတိယနေ့အဖြစ် ဇန်န၀ါရီ ၇ ရက် ည ၉ နာရီနှင့် ဇန်န၀ါရီ ၈ ရက် နံနက်တစ်နာရီခန့်အထိ ဈေးများဌာန၊ ဌာနမှူး ဦးစံရွှေထွန်းပါ စည်ပင်ဝန်ထမ်း ၂၀၂ ဦး၊ စည်ပင်သာယာရဲတပ်ဖွဲ့ဝင် ၃၂ ဦး၊ ပိတောက်ချောင်း နယ်မြေရဲတပ်ဖွဲ့စခန်းမှ လုံခြုံရေးတာဝန်ကျများအပါအ၀င် စုစုပေါင်း အင်အား ၂၄၀ ဖြင့် ဖြန့်ခွဲဆောင်ရွက်ခဲ့ရာ ပျံကျဈေးသည် ၂၀၀ ခန့်အနက် အမည်မသိ လူအင်အား ၁၀ ဦးခန့်က ရုတ်ရုတ်သဲသဲ ပြုလုပ်ခဲ့ပြီး တုတ်၊ ခဲ၊ လေးခွများ ဖြင့် ရန်ပြုခဲ့ကြသည်ဟု ဖော်ပြထားသည်။

အဆိုပါလူစုသည် ည ၂ နာရီခန့်တွင် ဈေးအတွင်း လူစုကွဲသွားခဲ့၍ ယင်းဖြစ်စဉ်ကြောင့် စည်ပင်ဝန်ထမ်း အချို့ အနည်းငယ် ဒဏ်ရာရခဲ့သည်ဟုလည်း ဖော်ပြထားသည်။

သီရိမင်္ဂလာဈေးသစ်တွင် ယင်းကဲ့သို့ဖြစ်ပွားခြင်းမှာ ပျံကျဈေးသည် ရှင်းလင်းခြင်း စီမံချက်ပြုလုပ်သည့် အချိန် နံနက်အစောပိုင်း တစ်နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းကဲ့သို့ဖြစ်ပွားမှုမှာ နှစ်ရက်ဆက် တိုက်ဖြစ်ခဲ့သည်ဟု နေ့လယ်ပိုင်းရောင်းချသည့် ပျံကျဈေးသည်တစ်ဦးက မဇ္ဈိမကို ပြောသည်။

အဆိုပါဈေးသည်က “စည်ပင်က ရောင်းဖို့ခွင့်ပြုထားတဲ့ နေ့လယ်ပိုင်းအချိန်က ၀ယ်သူက မရှိဘူး။ အသီး အနှံတွေဆိုတော့ ညပိုင်း စည်ကားတဲ့အချိန် ပျံကျဈေးသည်တွေက လာရောင်းကြတာ၊ စည်ပင်က ဈေး သည်လာရှင်းတဲ့အချိန်ဖြစ်သွားတာ။ ဒီည စည်ပင်အင်အား ထပ်တိုးမယ်ပြောတော့ အခြေအနေပိုဆိုးနိုင် တယ်”ဟု သူ၏အမြင်ကို ပြောသည်။

သီရိမင်္ဂလာဈေးသစ်မှာ မြန်မာနိုင်ငံ၏ အကြီးဆုံး ကုန်စိမ်း လက်ကားဈေးကြီးတစ်ခုဖြစ်ပြီး ဈေးရုံပေါင်း ကိုးရုံရှိပြီး တရားဝင်ဆိုင်ခန်းပေါင်း ၂၀၁၇ ခန်းရှိသည်။

No comments: