ထင်လင်းအောင်
ယာဉ်ပိုင်ရှင်များအနေဖြင့် ဆိပ်ကမ်းမှလာရောက်ထုတ်ယူခြင်းမရှိဘဲ တစ်နှစ်ကျော်ကြာမြင့်နေသည့် ကား ၄၀၆ စီးအား နိုင်ငံပိုင်အဖြစ် သိမ်းယူသွားမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင် ညွှန်ကြားရေးမှူး ဦးကျော်မြင့်က ဇန်န၀ါရီ ၂ရက်က ဆိပ်ကမ်းအာဏာပိုင်ရုံးတွင် ကျင်းပသော သတင်း စာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားလိုက်သည်။
လက်ရှိအချိန်တွင် ရန်ကုန်မြို့ရှိ ဆိပ်ကမ်းခြောက်ခု၌ လာရောက်ထုတ်ယူမှုမရှိခြင်းကြောင့် လေလံ စာရင်းဝင်နေသည့် ယာဉ် ၂,၁၂၃ စီးရှိနေကာ ယင်းအနက်မှ အစီးလေးရာကျော်သည် လာရောက် မထုတ်ယူဘဲ တစ်နှစ်ကျော်ကြာမြင့်နေပြီဖြစ်သောကြောင့် ဥပဒေလုပ်ထုံးလုပ်နည်းများအရ နိုင်ငံတော် ပိုင်သိမ်းယူခြင်းဖြစ်ကြောင်း ပြောသည်။
ဦးကျော်မြင့်က “တစ်နှစ်ကျော်ကြာသွားတဲ့ယာဉ်တွေကို နိုင်ငံပိုင်အဖြစ် သိမ်းသွားမှာဖြစ်ပါတယ်။ သက် ဆိုင်ရာကို စာရင်းတွေတင်ပြထားပြီးပါပြီ။ နှစ်လကျော်ပြီး လေလံစာရင်းဝင်နေတဲ့ ယာဉ်တွေကိုတော့ အဆင့်လိုက် လေလံပစ်သွားမှာပါ” ဟု ပြောသည်။
သင်္ဘောပေါ်မှချကာ ဆိပ်ကမ်းပေါ်ရောက်ရှိချိန်မှ ရက်ပေါင်း ၆၀ ပြည့်သည်အထိ ယာဉ်ပိုင်ရှင်များ လာ ရောက်ထုတ်ယူခြင်းမရှိသည့် ယာဉ်များသည် လေလံစာရင်းဝင်ယာဉ်များအဖြစ် သတ်မှတ်ကာ လေလံ ရရှိသည့်ကားတန်ဖိုးများကို ကုန်ကျစရိတ်များနုတ်ယူပြီးပါက တင်သွင်းသူယာဉ်ပိုင်ရှင်များထံ ပြန်လည် ပေးခြင်းဖြစ်ကြောင်း ဦးကျော်မြင့်က ဆက်ပြောသည်။
ယခုကဲ့သို့ နိုင်ငံပိုင်သိမ်းယူမည့် ယာဉ်များသည် တင်သွင်းစဉ် ပါမစ်အချက်အလက်များနှင့် ဆိပ်ကမ်းသို့ ရောက်ရှိလာသောကားများ၏ အချက်အလက်များကွဲလွဲနေခြင်းအား ခိုင်လုံသည့်အထောက်အထားများ ကို သတ်မှတ်ရက်အတွင်း မပြနိုင်သည့်ယာဉ်များဖြစ်ကြောင်း မော်တော်ယာဉ်ထုတ်လုပ် တင်သွင်း ရောင်းချသူများအသင်းဥက္ကဋ္ဌ ဦးဋ္ဌေးအောင်က အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
၂၀၁၃ခုနှစ် ဒီဇင်ဘာ ၃၁ရက်အထိတွင် မော်တော်ယာဉ်အစီးရေ ၂၃၁,၆၀၈ အားတင်သွင်းထားသည့် အနက် ၂၂၃,၄၁၃ စီးအား ယာဉ်ပိုင်ရှင်များ ထုတ်ယူပြီးဖြစ်ကာ လေလံစာရင်းဝင် နှစ်ထောင်ကျော်ရှိနေခြင်း ဖြစ်သည်။
No comments:
Post a Comment