Saturday, January 25, 2014

ချင်းပြည်နယ်တွင် ဘာသာရေးဆိုင်ရာလူ့ အခွင့်အရေးချိုးဖောက်မှုများ ရှိနေဆဲ

Khonumthung

ခရစ်ယာန်ဘာသာဝင်တွေအများစု နေထိုင်သော မြန်မာနိုင်ငံ အနောက်ဘက် ချင်းပြည်နယ်တွင် ဘာသာရေး ဆိုင်ရာ လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ဖြစ်ပေါ်နေပြီး ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်အတွင်း ဘာသာရေးအခွင့် အရေးချိုး ဖောက်မှု အနည်းဆုံး ၁၃ မှု ဖြစ်ပွားခဲ့သည်ဟု ချင်းလူ့ အခွင့်အရေးအဖွဲ့ (CHRO) က ပြောဆိုလိုက်သည်။

ကနေဒါနိုင်ငံအခြေစိုက် CHRO ၏ ဇန်န၀ါရီလ ၂၁ ရက်နေ့က ထုတ်ပြန် လိုက်သော မြန်မာနိုင်ငံရှိ ချင်းလူမျိုးများ၏ ဘာသာရေးလွတ်လပ်ခွင့်အခြေအနေ ရှင်းလင်းတင်ပြခြင်း ဆိုသည့် အစီရင်ခံ တွင် ၂၀၁၃ ခုနှစ်အတွင်း ချင်းပြည်နယ် တွင် ဘာသာရေးနှင့် သက်ဆိုင်သော လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ရှိနေပြီး ယင်းကိစ္စများကို နိုင်ငံတော် အစိုးရ၏ ၂၀၁၄ ခုနှစ် အတွင်း ပြုပြင်ပြောင်း လဲမှု ဦးစားပေးစာရင်းမှာ ထည့်သွင်းပေးရန် သမ္မတဦးသိန်းစိန် အစိုးရ ကို တောင်းဆို ထားကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။

CHRO မှ Program Coordinator ဆလိုင်းဘွဲပီးက “ သမ္မတဦးသိန်းစိန်တက်လာပြီး တဲ့နောက် ပိုင်းမှာ ပြောင်းလဲမှု တချို့တွေ အများကြီးဖြစ်ခဲ့တာဘဲလေ၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေး တာတို့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတို့၊ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ အထူးသဖြင့် ဘာသာရေး ကိုအခြေခံတဲ့ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီးတော့ ချင်းပြည်နယ်မှာ ဖြစ်နေပါတယ် ဆိုတဲ့ဟာ ကိုအဓိကပြတာပါ၊ ပြန်ကြည့်မယ်ဆိုရင် ၂၀၁၃ မှာဖြစ်တဲ့ ဘာသာရေးနဲ့ ပတ်သက်ပြီးတော့ ချင်းပြည်နယ်မှာဖြစ်တဲ့ အတွေ့အကြုံတွေဟာ ၂၀၁၂ ကအတွေ့အကြုံတွေနဲ့ ဘာမှခြားနားမှုမရှိဘူး၊ အခြေနေက ဆိုးတုန်းဘဲရှိသေးတယ်’’ ဟုပြောသည်။

ယင်းအစီရင်ခံစာသည် ခရစ်ယာန် ဘာသာရေးဆိုင်ရာ အခြေခံအဆောက်အဦးများ အပေါ် ကန့်သတ်ချက်များထားရှိနေ ချိန်တွင် ဗုဒ္ဓဘာသာ အခြေခံအဆောက်အဦးများအတွက်မူ ပြည်နယ် ဘဏ္ဍာသုံးစွဲနေမှုများအပေါ် သတိမူစေသည့်အပြင်၊ ပြည်နယ်အတွင်း အစိုးရအရာရှိများမှ ချင်းလူမျိုးခရစ်ယာန်ဘာသာဝင်များအပေါ် ကျူးလွန်နေသည့် ကြိမ်းဝါးခြင်း၊ ခြိမ်းခြောက်မှု နှင့် ခွဲခြားဆက်ဆံသည့် လုပ်ရပ်များကို မီးမောင်းထိုးပြထားသည်ဟု ဆလိုင်းဘွဲပီးကပြောသည်။

“ အဓိက ပြသနာက အစိုးရဟာ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ထားခြင်းပါပဲ၊ ဒါက ချင်းလူမျိုးခရစ် ယာန် ဘာသာဝင်တွေရဲ့ ဘာသာရေးလွတ်လပ်ခွင့်ကို လျော့ပါးစေတယ်’’ ဟု သူကပြောသည်။

သမ္မတဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဌ သူရရွှေမန်းတို့အပါအ၀င် အစိုးရအကြီးအကဲများကို ချင်းပြည် နယ်သို့ ရောက်ရှိလာ သည့်အချိန်တွင် တနင်္ဂနွေနေ့များ၌ ဘုရားကျောင်းများ ၀တ်ပြုကိုးကွယ် ချိန်နှင့် တိုက်ဆိုင်လျက်ရှိနေပါသော်လည်း အစည်းအဝေး များခေါ်ယူကျင်းပလေ့ရှိခြင်းသည် လူများစု ခရစ်ယာန်ဘာသာဝင်များ နေထိုင်ကြသော ချင်းပြည်နယ်၌ ဤသို့သော ဒေသတွင်း ဓလေ့များကို မလေးမစားပြုမူမှုသည် ဆယ်စုနှစ်များစွာဆက်လက်ရှိနေခဲ့ရာ စုရုံးကိုးကွယ် ခွင့်ကို ချိုးဖောက်ခြင်းဖြစ်သည်ဟု CHRO က ထောက်ပြထားသည်။

ချင်းပြည်နယ်တွင် ၂၀၁၃ ခုနှစ်နောက်ပိုင်းကစပြီး Serious Human Right Violation ဟုခေါ်သော စိုးရိမ်ဖွယ် ကောင်းသော လူ့အခွင့် အရေးချိုးဖောက်မှု( သတ်ဖြတ်ခြင်း၊ ညှင်းပမ်းနှိပ် စက်ခြင်း) များ ဖြစ်ပွားခြင်းမရှိတော့သည့်တိုင် သာမန်လူ့အခွင့်အရေးချိုးဖောက်မှု (ခွဲခြားဆက် ဆံခံရခြင်း၊ ဘာသာရေးဆိုင်ရာအခွင့်အရေးချိုးဖောက်ခြင်း) များကို ဆက်လက်ရှိနေသည်ဟု ဆလိုင်းဘွဲပီးကပြောသည်။

၂၀၁၃ ခုနှစ်အတွင်း ချင်းပြည်နယ် နှင့် ချင်းလူမျိုးခရစ်ယာန်ဘာသာဝင်များအပေါ် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ နှင့် ပတ်သက်၍ CHRO ၏ အစီရင်ခံစာတွင် ရခိုင်ပြည်နယ်မှာ ချင်းလူမျိုး ဓမ္မဆရာ ပါးရိုက်ခံရခြင်း၊ နိုင်ငံတော်အကြီး အကဲများ ချင်းပြည်နယ်ကို လာရောက်သည့်အချိန်တွင် ချင်းလူမျိုးခရစ်ယာန်ဘာသာဝင်များ ၀တ်ပြုကိုးကွယ်ချိန် တနင်္ဂနွေနေ့များတွင် အစည်းအဝေး များခေါ်ယူကျင်းပခြင်း၊ ချင်းပြည်နယ် မြို့နယ် ၃ ခုတွင် ဗုဒ္ဓသာသနိက အဆောက် အဦးများ တည်ဆောက်ရန် နိုင်ငံတော်အစိုးရမှ ဘဏ္ဍာငွေသီးသန့်ထားရှိချိန်မှာ ခရစ်ယာန်ဘာသာဝင် အများစုနေထိုင် သည့် ချင်းပြည်နယ်တွင် အခြားဘာသာများအတွက် ဘဏ္ဍာငွေချပေးမှုမရှိခြင်း၊ ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်မြို့နယ် ပန်အော့ကျေးရွာက ခရစ်ယာန်ဘာသာဝင်များကို ဗုဒ္ဓဘုန်းတော်ကြီး၏ ညွန်ကြားမှုဖြင့် ၀တ်ပြုကိုး ကွယ်ခြင်းကို ရပ်တန့်စေခြင်း၊ ဗုဒ္ဓဘာသာ အလှူပွဲ အတွက် အစားအသောက် ပြင်ဆင်ရန် ချင်းလူမျိုးခရစ်ယာန် ဘာသာဝင်များ အား စေခိုင်းခြင်း၊ ကျောင်း ဆရာ၊ ဆရာမများကို တနင်္ဂနွေနေ့များတွင် အလုပ်စေ ခိုင်းခြင်း နှင့် ကျောင်းသား၊ ကျောင်းသူများကို စနေ၊ တနင်္ဂနွေနေ့များတွင် ကျောင်းတက်ခိုင်းမှု စသည့် လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ ကိစ္စများကို အဓိကဖော်ပြထား သည်။

ချင်းပြည်နယ်တွင် ယခုကဲ့သို့ ဘာသာရေးဆိုင်ရာ လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ဖြစ်ပေါ်နေသောကြောင့် ဘာသာအားလုံးအတွက် လွတ်လပ်စွာ စုဝေးပိုင်ခွင့်ကို အားမခံပေးရန် နှင့် သာသနာရေး ၀န်ကြီးဌာနအား လွတ်လပ်၍ ဘက်မလိုက်သော သာသနာရေးကော်မရှင် တရပ်အဖြစ် အစားထိုးပေးရန်၊ ယင်းကော်မရှင်အား ဘာသာရေးကိုအခြေ ခံသည့် ခွဲခြားဆက်ဆံမှုများကို ဖြေရှင်းနိုင်သည့် လုပ်ပိုင်ခွင့်များပေးအပ်ရန် နိုင်ငံတော်အစိုးရကို CHRO ကတောင်းဆို ထားသည်။

“ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ပိုင်ခွင့်ဆိုတာ အခြေခံကျတဲ့ လူ့အခွင့်အရေးတရပ်ဖြစ်တယ်၊ ချင်းအမျိုးသား ညီလာခံကနေ ထွက်ပေါ်လာတဲ့ အကြံပြုချက်တွေကို လက်ကိုင်ပြီးတော့ အဲဒီအခွင့်အရေးကို အကာအကွယ်ပေးတဲ့ နေရာမှာ စစ်မှန်ပြီး ထိရောက်တဲ့ တိုးတက်မှုမျိုး၂၀၁၄ မှာ ရှိလာစေဖို့ အစိုးရကိုတိုက်တွန်းပါတယ်’’ ဟု ဆလိုင်း ဘွဲပီး ကပြောသည်။

မြန်မာနိုင်ငံတွင် ဘာသာရေးခွဲခြားဆက်ဆံခံရမှု တားမြစ်သည့် ဥပဒေကို ကျင့်သုံးရန်၊ သာသနာရေး ၀န်ကြီးဌာနကို လွတ်လပ်ပြီး ဘက်မလိုက်သော ဘာသာရေးလွတ်လပ် ခွင့် ကော်မရှင် တရပ်ဖြင့် အစားထိုးပေးရန်နှင့် ချင်းပြည်နယ် အတွင်း ဘာသာရေး လွတ်လပ်ခွင့် ချိုးဖောက်မှုများအတွက် ပြန်လည် ပြုပြင်မှုများပြုလုပ်ပေးရန် တောင်းဆိုသည့်အပြင် အမေရိကန် အစိုးရအနေဖြင့်လည်း ယင်းကိစ္စနှင့်ပတ်သက်ပြီး မြန်မာအစိုးရထံ ဖိအားပေးတိုက်တွန်းမှုများ လုပ်ဆောင်ပေး ရန် CHRO က တောင်းဆိုထားသည်။

No comments: