Saturday, January 11, 2014

စည်ပင်ဖယ်ခိုင်းသည့် မ.ထ.သ (၃၁) ယာဉ်လိုင်း ညအိပ်ရပ်နားကွင်း အငြင်းပွားနေ

ဟိန်းကိုစိုး

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း အကြောင်းပြကာ မ.ထ.သ အမှတ်(၃၁)ယာဉ်လိုင်း ညအိပ်ရပ်နားကွင်းကို ဖယ်ရှားခိုင်းသဖြင့် ယာဉ်ပိုင်ရှင်များ၊ မော်တော်ယာဉ်လုပ် ငန်းပေါင်းစုံထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ (မ.ထ.သ)နှင့် မြို့တော်စည်ပင်တို့အကြား အငြင်းပွားနေ သည်ကို မဇ္ဈိမက စုံးစမ်းသိရှိရသည်။

တောင်ဥက္ကလာပမြို့ ဘေလီတံတားအနီး မြေကွက်လပ်ကို မ.ထ.သ အမှတ် (၃၁) ယာဉ်လိုင်းအတွက် ညအိပ်ယာဉ်ရပ်နားကွင်းအဖြစ် ငှားရမ်းခဲ့ပြီး ၁၉၉၄ ခုနှစ်က စတင်ကာ ၂၀၁၀ ပြည့်နှစ်အထိ သက်တမ်းတိုးစာချုပ်၍ အသုံးပြုလာခဲ့ခြင်းဖြစ်သည်ဟု မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီက အကြီးတန်းအရာရှိတစ်ဦးက မဇ္ဈိမကို ပြောသည်။

စတင်အသုံးပြုချိန်က မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနပိုင် မြေဖြစ်သော်လည်း ၂၀၁၀ ပြည့်နှစ်တွင် ရန် ကုန်မြို့တော် စည်ပင်မှ လွှဲပြောင်းရယူခဲ့ပြီးနောက်ပိုင်း စာချုပ်ချုပ်ဆိုငှားရမ်းနိုင်ခဲ့ခြင်း မရှိတော့ဟု အဆို ပါတာဝန်ရှိသူက အသိပေးပြောဆိုသည်။ သို့သော် ရန်ကုန်မြို့တော်စည်ပင်က သတ်မှတ်သည့် မြေခွန် များကို လစဉ် ပေးဆောင်ခဲ့ပြီး ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၆ ရက်အရောက်တွင် သက်ဆိုင်ရာက စာပို့အ ကြောင်းကြားခဲ့ခြင်းဖြစ်သည်။

“တကယ် ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်မယ်ဆိုရင် ပွင့်လင်းမြင်သာမှုရှိရှိ ချပြ ဆွေးနွေးဖို့ လိုအပ်ပါတယ်” ဟု မ.ထ.သ တာဝန်ရှိသူက ဆိုသည်။ မ.ထ.သ အမှတ် (၃၁) ယာဉ်ပိုင်ရှင်တို့ကမူ ဖယ်ရှားပေးမည်မ ဟုတ်ဟု မဇ္ဈိမကို ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနက အဆိုပါမြေနေရာ မှဖယ်ရှားပေးရန်နှင့် လုပ်ငန်းလုပ်ကိုင်ခွင့်ကို ရပ်ဆိုင်းရန် အသိပေးစာပေးပို့ထားသည်ဟု ဌာနစုမှူး ဦးသိန်းထွန်းက မဇ္ဈိမကို အတည်ပြု ပြောကြားသည်။

အမှန်တကယ် လုပ်ငန်းဆောင်ရွက်ခြင်းမရှိဟု ဌာနက မျက်မြင်စစ်ဆေးရရှိသဖြင့် ယင်းသို့ ဆုံးဖြတ်ခဲ့ သည်ဟု အဆိုပါ တာဝန်ရှိသူက ပြောသော်လည်း မ.ထ.သ နှင့် ယာဉ်ပိုင်ရှင်တို့ကမူ အသုံးပြုလျက်ရှိ သည်ဟု ဆိုသည်။

မ.ထ.သ(၃၁)ယာဉ်လိုင်းသည် တောင်ဥက္ကလာပမြို့နယ်၊ ဘေလီတံတားအနီးမှ ဘုန်းကြီးလမ်းသို့ ယာဉ် စီးရေ ၂၁ စီးဖြင့် ပြေးဆွဲနေခြင်းဖြစ်ပြီး တောင်ဥက္ကလာပမြို့နယ်ရှိ မြေတိုင်းအမှတ် ၁၅၊ မြေကွက်အမှတ် ၂၉၇ တွင် ၁ ဒသမ ၅၂၅ ဧကရှိ မြေကွက်ပေါ်တွင် ဂိတ်ရင်းနှင့် ညအိပ်ရပ်နားကွင်းအဖြစ် အသုံးပြုနေသည်။

No comments: