Saturday, January 11, 2014

“ကြယ်စင်မော်ကွန်း” ရုပ်ရှင်ဇာတ်ကား ရွှေခေတ်ကို ပြန်လည်နိုးထစေနိုင်မလား

ဘုန်းနေလ(ဒဂုံတက္ကသိုလ်)

ဒါရိုက်တာပန်းချီစိုးမိုး ရိုက်ကူးခဲ့သည့် “ကြယ်စင်မော်ကွန်း” ရုပ်ရှင်ဇာတ်ကားသည် ပရိသတ်များ၏ အား ပေးမှုများဖြင့် အောင်မြင်လျက် ရှိသည်။ ယင်းဇာတ်ကားကို ရုပ်ရှင်ချစ်ပရိသတ်များ၏ အားပေးမှုများ သည် လျော့ကျခြင်းမရှိဘဲ ယခုအချိန်ထိ ရုံတင်နေဆဲဖြစ်ကြောင်း မြ၀တီရုပ်သံမှ ဗိုလ်မှူးသုတက မဇ္ဈိမ သို့ ပြောသည်။

“တခြားရုပ်ရှင်ဇာတ်ကားတွေထက် ပိုပြီး ပရိသတ်အားပေးတာများတယ်။ ပရိသတ်တွေ တောင်းဆိုလို့ ထပ်ပြီး ပြသနေတာပါ” ဟု ယင်းက ပြောသည်။

အဆိုပါဇာတ်ကားကို ဒီဇင်ဘာ၂၇ ရက်မှစတင်ပြီး ရန်ကုန်မြို့ရှိ ရှေ့ဆောင်ရုပ်ရှင်ရုံတွင် သုံးပတ်၊ Junction Square တွင် နှစ်ပတ်၊ မန္တလေး Diamond ရုပ်ရှင်ရုံတွင် သုံးပတ်၊ မြိတ်မြို့ မင်္ဂလာရုပ်ရှင်ရုံ တွင် တစ်ပတ်၊ ဘားအံမြို့ တက်နေ၀င်းရုပ်ရှင်ရုံတွင် တစ်ပတ်နှင့်Top Royal (စိန်ဂေဟာ) တွင် ဇန်န၀ါရီ ၃ ရက်မှစတင်ပြီး ပြသခဲ့ရာ ရုံပြည့်ရုံလျှံသည်အထိ ပရိသတ်များ အားပေးခဲ့ကြသည်။ ယင်းဇာတ်ကားကို ပြသရန်အတွက် ရုပ်ရှင်ရုံရက်များ မရရှိခဲ့ခြင်းကြောင့် ရုံရက်ရရှိသည့် ရှေ့ဆောင်ရုပ်ရှင် ရုံ၊ Junction square စသည့်ရုံများ၌ စတင် ပြသခဲ့ပြီး နောက်ပိုင်းတွင် ပရိသတ်များ အားပေးလက်ခံမှု ကောင်းလာခြင်း ကြောင့် အောင်မြင်လာခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် စတင်ပြသခဲ့ပြီးနောက် ယခုနှစ်အထိ ပရိသတ် များ လက်ခံအားပေးခြင်းဖြစ်ရာ ဖေဖော်ဝါရီ ဒုတိယပတ်အထိ ဆက်လက်ပြသသွားမည် ဖြစ်သည်။ မြို့ တွင်း ရုံများတွင် ပြသပြီးပါက မြို့ပတ်ရုံများဖြစ်သည့် န၀ဒေး၊ ၀ဇီရာ၊ ရွှေဗဟို စသည့် ရန်ကုန်မြို့အနီး တစ်ဝိုက်ရှိရုံများတွင် ပြသပြီး အထက်မြန်မာနိုင်ငံများတွင် ထပ်မံပြသသွားမည် ဖြစ်သည်။

“ကြယ်စင်မော်ကွန်း” ရုပ်ရှင်ဇာတ်ကားကို ပရိသတ်များ၏ လက်ခံအားပေးမှုသည် မြန်မာ့ရုပ်ရှင်ဇာတ် ကားများ ခေတ်မကောင်းခဲ့သည့် ကာလအတွင်း၌ ကြာရှည်စွာ ရုံပြည့်ရုံလျှံအားပေးခြင်းခံရခြင်း ပြန်လည် နိုးထ လာသည့်ခေတ် ဖြစ်လာလေမလားဟု သုံးသပ်ပြောဆိုကြသည်။ ကြည့်ရှုသူအများစုသည် “ဗိုလ် ချုပ်” ရုပ်ရှင်ဇာတ်ကားဟု အထင်မှားပြီး လာရောက်အားပေးကြခြင်းများ၊ သရုပ်ဆောင်အင်အားများစွာ အသုံးပြုထားခြင်းကြောင့် စိတ်ဝင်စားခြင်းနှင့်အတူ ကြော်ငြာအားကောင်းခြင်းကြောင့်ဟု ပြောဆိုကြ သည်။

လက်ရှိတွင် ယင်းရုပ်ရှင်ဇာတ်ကားသည် မှောင်ခိုလက်မှတ်များ အဆမတန် ဈေးပေးပြီး ကြည့်ရသည် အထိ ရှိနေဆဲဖြစ်ပြီး ရုံတိုင်းတွင် ခုံအပိုထိုးပြီးပြရခြင်းသည် အပတ်စဉ်တိုင်းရှိနေသည်။ ယင်းဇာတ်ကား သည် မြန်မာ့တပ်မတော်သမိုင်း၏ ခေတ်သုံးခေတ်ကို ရိုက်ကူးထားခြင်းဖြစ်ပြီး နာမည်ကြီး သရုပ်ဆောင် အင်အားများစွာကို ထည့်သွင်းအသုံးပြုထားသည့် ရုပ်ရှင်ဇာတ်ကား ဖြစ်သည်။ အဆိုပါဇာတ်ကားသည် တပ်မတော်ကားဖြစ်ခြင်းကြောင့် နိုင်ငံတော်က ကျပ်သိန်း ၂၀၀၀ ခန့် အကုန်အကျခံသည့် ဇာတ်ကားဖြစ် ပြီး ဇာတ်ကားအတွင်း၌ စစ်လက်နက်အစစ်များကို အသုံးပြုခဲ့သည့် ဇာတ်ကားတစ်ကား ဖြစ်သည်။

“သမ္မတရုံမှာ မပြခဲ့ဘဲ ရှေ့ဆောင်ရုံမှာ စပြီးပြခဲ့ရာကနေ ပရိသတ်က လက်ခံအားပေးလို့၊ ကြိုက်လို့၊ ဒါရိုက်တာရဲ့ တင်ပြပုံ တင်ပြနည်းတွေကို ကြိုက်လို့၊ နောက်ပြီး ဗိုလ်ချုပ်ရဲ့အပိုင်းတွေပါလို့ လာကြည့်ကြ တာလည်းရှိတယ်” ဟု ဒါရိုက်တာပန်းချီစိုးမိုးက ဆိုသည်။

ယင်းဇာတ်ကားကို ၂၀၀၉ ခုနှစ်ကစပြီး သုံးနှစ်ခန့် ရိုက်ကူးခဲ့ခြင်းဖြစ်ကာ ဇာတ်ကား တစ်ခုလုံး၏ ကြာမြင့် ချိန်သည် ၂ နာရီ မိနစ် ၄၀ အထိရှိသည်။ ဇာတ်ကားတွင် ဗိုလ်ချုပ်နေရာ၌ ဗိုလ်ချုပ်နှင့်အနီးစပ်ဆုံး တူ သည့်သူသည် လက်ရှိ သထုံမြို့တွင် တာဝန်ကျနေသည့် ဗိုလ်ကြီးပြည့်ဖြိုးအောင်ကို ခေါ်ယူပြီး သုံးလကြာ ဒါရိုက်တာထံတွင် စခန်းသွင်း လေ့ကျင့်ခဲ့ခြင်းဖြစ်သည်။ ယင်းအပြင် ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင် ကြသည့် နိုင်ငံခြားသားများကိုလည်း သုံးလခန့်အချိန်ယူပြီး သင်ကြားပေးခဲ့သလို ဇာတ်ကားတွင် ဗိုလ်ချုပ် ၏မိန့်ခွန်းအသံများကို မြန်မာ့ရုပ်မြင်သံကြားနှင့် ဗဟိုရုပ်ရှင်တို့က ယူဆောင်ပြီး ကွန်ပျူတာ အထူးပြုလုပ် ချက်များဖြင့် ဗိုလ်ချုပ်၏ အသံအစစ်များ ထွက်ပေါ်လာစေရန် ပြုလုပ်ထားခြင်း ဖြစ်သည်။

ဒီမိုကရေစီမရရှိခင်နှစ်များတွင် တပ်မတော်ကားများ၌ နာမည်ကြီးသရုပ်ဆောင်များကို အသုံးပြု၍ ဂုဏ်ပြု ဇာတ်လမ်းများကို ရိုက်ကူးပြီး ရုပ်သံများတွင် တပ်မတော်နေ့ မရောက်ခင် ထုတ်လွှင့်မှုများ ရှိခဲ့သည်။ ထို စဉ်က ယင်းဇာတ်ကားများကို ပရိသတ်များ စောင့်ကြည့်အားပေး နှစ်ခြိုက်ခဲ့ကြသော်လည်း နောက်ပိုင်း တွင် အားပေးမှုများ နည်းပါးသွားကြသည်။ တချို့သော အနုပညာရှင်များသည် ယင်းဇာတ်ကားများဖြင့် နာမည်ရ ထင်ရှားလာခဲ့ခြင်းများလည်း ရှိခဲ့ခြင်းကြောင့် သရုပ်ဆောင်အသစ်များသည် တပ်မတော် ဇာတ် ကားကို ရိုက်ကူးနိုင်ကြရန် ခေတ်စားခဲ့ကြသည်။

မြန်မာ့ရုပ်ရှင်သည် လွန်ခဲ့သည့်နှစ်များစွာက ရုပ်ရှင်ဇာတ်ကားကောင်းများစွာကို ရုပ်ရှင်ရုံများတွင် ရုံတင် ပြသနိုင်ခဲ့သည့် ရွှေနှစ်များကို ပိုင်ဆိုင်ခဲ့သည်။ ယင်းကာလ အတွင်းတွင် မြန်မာနိုင်ငံ၌ ရုပ်ရှင်ရုံများများ ပြားခဲ့ပြီး ပရိသတ်များ အားပေးမှုများသည်လည်း များပြားခဲ့သည်။ ထိုစဉ်က ရုပ်ရှင်တစ်ခုတည်းသာ ခေတ်စားခဲ့ခြင်း ဖြစ်သည်။ ၁၉၈၈ ခုနှစ်ကစပြီး ဗီဒီယိုခေတ်များ ထကြွလာချိန်တွင် ရုပ်ရှင်ဇာတ်ကားများ သည် ငြိမ်သက်မှေးမှိန်ခြင်းသည် ဆယ်စုနှစ် ကာလများအထိ ဖြတ်သန်းနေရသည်။

No comments: