Friday, January 3, 2014

ပဋိပက္ခများရှိနေသော်လည်း လုပ်သားစေလွှတ်မှု ရပ်နားရန်မရှိ

ရဲလင်းထွဋ်

အင်ဒိုနှင့် မြန်မာလုပ်သားများ ခိုက်ရန်ဖြစ်ပွားခဲ့သည့် ပြဿနာ နောက်ဆက်တွဲကို ဖြေရှင်းနေရဆဲ ဖြစ်သော်လည်း မလေးရှားသို့ လုပ်သားစေလွှတ်ခြင်းအား ရပ်ဆိုင်းစေမည် မဟုတ်ကြောင်း အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က မဇ္ဈိမသို့ ဇန်န၀ါရီ ၁ ရက်တွင် ပြောကြားလိုက်သည်။

တရားမ၀င်လုပ်သားများဖမ်းဆီးမှုအပြင်၊ မြန်မာလုပ်သားများအကြမ်းဖက်ခံရမှုတို့ကြောင့် ၂၀၁၃ ခုနှစ် အတွင်း၌ မလေးရှားသို့လုပ်သားစေလွှတ်မှုအား ကာလတို ရက်သတ္တနှစ်ပတ်ခန့်စီ နှစ်ကြိမ်ရပ်ဆိုင်းခဲ့ သည်ဖြစ်ရာ ယခုအကြိမ်တွင် မည်သို့ ဆောင်ရွက်မည်နည်းဟု မဇ္ဈိမကမေးမြန်းခြင်းအပေါ် ဦးမျိုး အောင်က အထက်ပါကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ယင်းက “အလုပ်သမားချင်းဖြစ်တာ ဘာမှပြဿနာမဖြစ်တဲ့ကိစ္စပါ။ ဘာမှပိတ်ဖို့၊ ရပ်ဆိုင်းဖို့မရှိပါဘူး” ဟု ပြောသည်။

မလေးရှားနိုင်ငံအရှေ့ပိုင်း ဆာရာဝပ်ပြည်နယ် (ဘရူနိုင်းနယ်စပ်) မိရိမြို့ရှိ သင်္ဘောကျင်းတစ်ခုတွင် ပြီးခဲ့သော ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်က မြန်မာလုပ်သားများနှင့် အင်ဒိုနီးရှားလုပ်သားများခိုက်ရန် ဖြစ်ပွားမှုများပေါ်ပေါက်ခဲ့ပြီး မြန်မာလုပ်သား ၉၈ ဦးပိတ်မိနေလျက်ရှိသည်။

International Focus ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုအေဂျင်စီမှ ဒါရိုက်တာ ဦးထွန်းမင်းလတ်ကလည်း “ဈေးကွက်ကို မထိခိုက်နိုင်ပါဘူး။ သာမန်အလုပ်သမားချင်း ပြဿနာလောက်ပါ။ အခု အလုပ် သမား ၂၀ ပြန်လာဖို့ စီစဉ်နေတယ်၊ ပြန်ရောက်ရင် မီဒီယာတွေကိုလည်း ခေါ်ယူအသိပေးပါမယ်” ဟု ပြောသည်။

အထက်ပါ မြန်မာနှင့် အင်ဒိုလုပ်သားများ ခိုက်ရန်ဖြစ်ပွားမှုသည် လုပ်သားအချင်းချင်း ခိုက်ရန်ဖြစ်ပွားမှု များကြောင့်သာဖြစ်ပြီး လူမျိုးရေး၊ ဘာသာရေးနှင့် လုပ်ငန်းခွင် လုပ်သားအခွင့်အရေးပြဿနာများ ကြောင့်မဟုတ်သဖြင့် မလေးရှားသို့ စေလွှတ်သည့် လုပ်သားဈေးကွက်ကို မထိခိုက်နိုင်ကြောင်း ရောင် ၀ါဦး ပြည်ပအလုပ်အကိုင်အေဂျင်စီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးဇော်ဇော်အောင်က ပြောသည်။

လက်ရှိ မလေးရှားနိုင်ငံတွင် မြန်မာလုပ်သား ၄၀၀,၀၀၀ ခန့်ရှိနေပြီး အများစုမှာ မလေးရှားနိုင်ငံ အနောက်ခြမ်းဒေသတွင်သာ သွားရောက်လုပ်ကိုင်လေ့ရှိကာ ပြည်ပအလုပ်အကိုင် အေဂျင်စီ ၁၂၈ ခုတွင်လည်း ၇၀ ရာခိုင်နှုန်းမှာ မလေးရှားသို့လုပ်သားပို့ဆောင်မှုဖြင့်သာ ရပ်တည်ကြသည်။

No comments: