Friday, January 24, 2014

ကလေးဒေသရှိ သစ်တောကြိုးဝိုင်းမှ သစ်များ လာဘ်ပေးလာဘ်ယူလုပ် ခိုးထုတ်မှုများရှိနေ

ဖိုးစိုးသူ

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကလေးမြို့နယ်အတွင်းရှိ သစ်တောကြိုးဝိုင်းများတွင် သစ်မာခိုးထုတ်သူများ ကို သက်ဆိုင်ရာသစ်တောကြိုးဝိုင်း တာဝန်ရှိသူများအနေဖြင့် ဖမ်းဆီးအရေးယူပေးရန် လိုအပ်သည်ဟု ကလေးမြို့ဒေသခံ အဖွဲ့အစည်းအချို့က ထောက်ပြ ပြောဆိုလိုက်သည်။

“တမလန်းဆိုတဲ့ သစ်မာပင်တွေကို ခုတ်ပြီး တရုတ်ပြည်ကို ပို့ကြတယ်။ ညအချိန်တွေ သစ်ထုတ်ကြတာ များတယ်။ ကားတွေနဲ့ တစ်ခါခါလာရင် ၁၀စီး၊ ၁၅စီးလောက်ရှိတယ်။ ကားတွေက ရဲဂိတ်တွေ သစ်တော ဂိတ်တွေရောက်ရင် တစ်ဂိတ်ကို သုံးသောင်း၊ ကားကြီးရင် ငါးသောင်းလောက်ပေးပြီး သစ်ထုတ်နေကြ တယ်။ ဒါတွေကို အုပ်ချုပ်ရေးပိုင်းတွေကလည်း သိနေလျက်နဲ့ အရေးမယူကြဘူး”ဟု အထက်ချင်းတွင်း လူငယ်များကွန်ရက်မှ ဥက္ကဋ္ဌဦးကျော်သက်ဝင်းက မဇ္ဈိမကို ပြောသည်။

ကလေးမြို့နယ်အတွင်းရှိ ပြောင်ဘုတ်သစ်တောကြိုးဝိုင်း၊ စုံလာမြိုင်သစ်တောကြိုးဝိုင်းနှင့် နန်းစလိန်ရေနံ မှော်သစ်တောကြိုးဝိုင်းတို့တွင် သစ်ခိုးထုတ်မှုများနေပြီး သစ်လုပ်ငန်းလုပ်ကိုင်ကြသူများနှင့်သစ်တော ၀န်ထမ်းများ ပူးပေါင်းကာ သစ်ခိုးထုတ်မှုများကို လာဘ်ပေးလာဘ်ယူပြုလုပ်၍ ပေါ်ပေါ်ထင်ထင် ပြုလုပ် လျက်ရှိကြောင်း အဖွဲ့အစည်းအချို့က ပြောသည်။

ကလေးမြို့နယ်အတွင်း သစ်ခိုးထုတ်မှုများနှင့်ပတ်သက်ပြီး ကလေးခရိုင် ဒုရဲမှူးဦးမြင့်ဆွေက “သစ်တော ကြိုးဝိုင်းတွေအတွင်းမှာ တောသစ်တွေခုတ်ပြီးပုံထားတွေလည်း ဖမ်းမိတာတွေရှိတယ်။နောက်ပြီးသတင်း အရ ရှောင်တစ်ခင်စစ်ဆေးတာတွေမှာ သစ်တွေခိုးထုတ်တာတွေရှိလို့ ဖမ်းတာတွေလည်း ရှိပါတယ်။ မ စစ်ဆေးဘူး၊ မဖမ်းဆီးဘူးဆိုတာတော့ မဟုတ်ပါဘူး”ဟု မဇ္ဈိမ၏မေးမြန်းမှုကို တယ်လီဖုန်းဖြင့် တစ်ဆင့် ပြန်လည် ဖြေကြားသည်။

ကလေးမြို့နယ်အတွင်း သစ်ခွဲလုပ်ငန်းလုပ်ကိုင်ကြသူများနှင့် သစ်တောကြိုးဝိုင်းတာဝန်ရှိသူများပူးပေါင်း ကာ သစ်ခုတ်ခြင်းများကို ပြုလုပ်ကြပြီး တရုတ်နိုင်ငံသို့ သစ်ကုန်ကြမ်းများ ရောင်းချခြင်းများကိုလည်း ပြု လုပ်လျက်ရှိရာ ကလေးမြို့နယ်အတွင်း သစ်တောများ ပြုန်းတီးမှုများလာသည်ဟု ဒေသခံ ဦးအောင်ကို ကိုက သုံးသပ်ထားသည်။

“ဖမ်းတယ်ဆိုပေမယ့် အနီးနားကျေးရွာက အိမ်သုံးလိုတာတွေကို ဖမ်းတာတွေရှိတယ်။ တကယ့်ကိုစီးပွား ရေးလုပ်ဖို့ လုပ်နေတာတွေကိုတော့ ဖမ်းတာ ထိထိရောက်ရောက်မရှိကြဘူး။ အဓိကကတော့ သစ်တော တာဝန်ရှိသူတွေကိုယ်တိုင်က လုပ်စားနေကြလို့ပဲ”ဟု ဆိုသည်။

No comments: