Sunday, January 26, 2014

ပြည်တွင်း ငြိမ်းချမ်းရေး ရရန် အများစု လက်ခံနိုင်သည့် ဖွဲ့စည်းပုံ ဖြစ်ရန်လို

တင်ဇာအောင် ၊ ဂျွန်ချစ်ငြိမ်း

ပြည်တွင်းတွင် ရေရှည် တည်တံ့သော ငြိမ်းချမ်းရေး ရရန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် အများးစု လက်ခံနိုင်သည့် ဖွဲ့စည်းပုံ ဖြစ်ရန် လိုအပ်သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဇန်နဝါရီ ၂၅ တွင် ပြောကြားလိုက်သည်။

၎င်းက ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ပတ်သက်ပြီး ရှမ်းပြည်တောင်ပိုင်း မိုးနဲမြို့တွင် လူထုနှင့် တွေ့ဆုံစဉ် ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က “ဘယ်လိုပဲ ဆွေးနွေးပွဲ လုပ်လုပ်၊ ငြိမ်းချမ်းရေး လုပ်လုပ် ဒီနိုင်ငံ ဆက်ပြီး ငြိမ်းချမ်းဖို့ ဆိုရင် ကျွန်မတို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက နိုင်ငံသား အများစုက လက်ခံနိုင်တဲ့ ဥပဒေ ဖြစ်ရမယ်။ အများစုက လက်မခံနိုင်တဲ့ ဥပဒေမျိုးဆိုရင် ကျွန်မတို့နိုင်ငံကို တည်ငြိမ်မှု ပေးနိုင်မှာ မဟုတ်ဘူး။ ရေရှည် စိတ်ချမ်းသာမှု ပေးနိုင်မှာ မဟုတ်ဘူး “ ဟု ပြောကြားလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်က ရှမ်းပြည်နယ်က ပြည်သူလူထုသည် ပြည်တွင်းစစ်ဒဏ် ခံခဲ့ရသည့် အတွက် ဒုက္ခများကို ပိုမိုခံစားရပြီး ယခု အချိန်တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်နေသော်လည်း နိုင်ငံသား အများစု လက်ခံနိုင်သည့် ဖွဲ့စည်းပုံ ဖြစ်မှသာ ရေရှည် ငြိမ်းချမ်းရေး ရနိုင်မည်ဟု ပြောဆိုလိုက်သည်။

၎င်းက “ ရှမ်းပြည်နယ်က ပြည်သူတွေက ပြည်တွင်းစစ်ဒဏ် ခံခဲ့ရတဲ့ သူတွေဖြစ်တယ်။ အေးအေးချမ်းမနေခဲ့ရလို့ ဘယ်လို ဒုက္ခတွေ ခံခဲ့ရတယ်ဆိုတာ ကျွန်မတို့ထက် ပိုသိပါတယ်။ ဒီဒုက္ခတွေ ပပျောက်ဖို့ စပြီး ခြေလှမ်းလှမ်း ရတော့မယ်။ အခု ငြိမ်းချမ်းရေးရဖို့ စကားတွေ ပြောနေကြတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်နေကြတယ်“ ဟု ဆိုသည်။


သူမကို သမ္မတ မဖြစ်စေချင်၍ ရေးဆွဲထားသည့် ဖွဲ့စည်းပုံသည် သိက္ခာမရှိဟု ဒေါ်အောင်ဆန်းစုကြည်ဆို

ဖွဲ့စည်းပုံ အခြေခံဥပဒေသည် တစ်ဦးတစ်ယောက်ကို ရည်ရွယ် ရေးဆွဲရခြင်း မဟုတ်ဘဲ အများအတွက် ၊ နိုင်ငံအတွက်သာ ရည်ရွယ်ရေးရမည်ဖြစ်သည်ဟု ဆိုလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်က “ ကျွန်မကို သမ္မတ မဖြစ်စေချင်တာနဲ့ ဒီလိုပုံစံမျိုး ရေးတယ် ဆိုတာ အင်မတန်မှ သိက္ခာမရှိဘူးလို့ ကျွန်မ ပြောချင်ပါတယ်။ အခုလက်ရှိ တကမ္ဘာလုံးမှာ လူတစ်ယောက်ကို ဦးတည်ပြီး ရေးထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုတာ ကျွန်မတို့ နိုင်ငံမှာပဲ ရှိတယ်“ ဟု ဆိုသည်။

ယင်းသို့ ဖွဲ့စည်းပုံ ဥပဒေ သည် တစ်စုံတစ်ယောက်ကို ရည်ရွယ် ရေးဆွဲထားခြင်း ဖြစ်နေ၍ ပြင်နိုင်ရန် ဆောင်ရွက် ရမည် ဖြစ်ပြီး ပြည်သူလူထုက ကူညီပေးပါဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် အခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ရှမ်းပြည်တောင်ပိုင်း မြို့နယ် သုံးခုတွင် လူထုတွေ့ဆုံပွဲများ ပြုလုပ်ခဲ့ပြီး မိုးနဲ မြို့ ၊ မြို့နယ်အားကစားကွင်းတွင် လူထုနှင့် တွေ့ဆုံခဲ့သည်။

No comments: