Friday, January 10, 2014

လူကုန်ကူးခံခဲ့ရသူများက လူကုန်ကူးမှုကို ဦးဆောင်နေဟုဆို

မျိုးသန့်

လူကုန်ကူးမှုတွင် လူကုန်ကူးခံရဖူးသူများက လမ်းကြောင်းသိကာ ဦးဆောင်မှုပြုနေသဖြင့် ဒေသဆိုင်ရာ တာဝန်ရှိသူများ စောင့်ကြည့်ရန် အသိပညာပေးနေရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့တပ်ဖွဲ့စု(မန္တလေး)မှ ရဲအရာရှိတစ်ဦးက ဇန်န၀ါရီ ၈ ရက်တွင် မဇိ္ဈမကို ပြောသည်။

“လူကုန်ကူးခံရပြီး ပြန်လည်လွတ်မြောက်လာတဲ့သူတွေက လူကုန်ကူးမှုလမ်းကြောင်းတွေကို သိရှိနေတဲ့ အတွက် လူကုန်ကူးမှုတွေကို ဦးဆောင်လုပ်နေတာတွေ ရှိပါတယ်။ ဒါကြောင့် လူကုန်ကူးခံရဖူးသူတွေကို ဒေသဆိုင်ရာ တာဝန်ရှိသူတွေက စောင့်ကြည့်ဖို့၊ ရှောင်ဖယ်မနေဘဲ တန်းတူ ပေါင်းသင်းဆက်ဆံပေးဖို့ ကို အသိပညာပေးနေရပါတယ်”ဟု ၎င်းက ပြောသည်။

မန္တလေးတိုင်းအတွင်း နယ်မြေအလိုက် ရပ်ကွက်အလိုက် ရပ်ကျေးစောင့်ကြည့်ရေးအဖွဲ့များ လစဉ်သ တင်းပေးရဲတပ်ဖွဲ့များ ဈေးများ ကားဂိတ်များတွင် အသိပညာပေး လက်ကမ်းစာစောင်များ၊ အသိပညာ ပေး ဟောပြောခြင်းများကို ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

ရောင်းစားခံရသူများ အများစုမှာ ထိုက်တန်သော လုပ်ခလစာများပေးမည်ဆိုကာ မက်လုံးပေး စည်းရုံးမှု ကြောင့် ရောင်းစားခံရခြင်းဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ စာရင်းများ တွင် ဖော်ပြထားသည်။

မန္တလေးတိုင်းအတွင်း ၂၀၁၃ ခုနှစ်၌ လူကုန်းကူးခံရမှု ရှစ်မှုဖြစ်ပွားခဲ့ပြီး လူကုန်ကူးခံရသူ ၁၃ ဦးရှိသည်။ တစ်ဦးမှာ လက်ရှိအချိန်ထိ ပြန်လည်မတွေ့သေးကြောင်း သိရသည်။ လူကုန်ကူးမှုလုပ်ငန်း လုပ်ကိုင်သူ များမှာ ကျားနှစ်ဦးနှင့် မ ၁၀ ဦးတို့ ဖြစ်သည်။

လူကုန်ကူးသူများကို အရေးယူမှုများအဖြစ် အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်နှင့် ပြစ်မှုဆိုင်ရာဥပဒေတစ် ခုခုအား ကျူးလွန်ပြီး ထောင်ဒဏ်လေးနှစ်အထက် ကျခံရလျှင် ပြစ်မှုနှစ်ခုပေါင်းကာ သေဒဏ်အထိ ချ မှတ်နိုင်ကြောင်း လူကုန်ကူးမှုဥပဒေများတွင် ပြဋ္ဌာန်းထားသည်။

No comments: