Sunday, January 26, 2014

အခြေခံ ဥပဒေကို ၂ဝ၁၄ အတွင်း အပြီးပြင်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

တင်ဇာအောင်၊ ဂျွန်ချစ်ငြိမ်း

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၂ဝ၁၄ ခုနှစ် အတွင်း အပြီးပြင်ရမည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဇန်နဝါရီ ၂၅ တွင် ရှမ်းပြည်တောင်ပိုင်း နမ့်ဆမ် မြို့နယ် အခြေခံဥပဒေဆိုင်ရာ လူထုတွေ့ဆုံပွဲ၌ ပြောကြားလိုက်သည်။

အဆိုပါ တွေ့ဆုံပွဲတွင် မေးခွန်းမေးမြန်းရာ၌ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၂ဝ၁၅ ရွေးကောက်ပွဲ မတိုင်မီ မည်သည့် အချိန်တွင် အစောဆုံး ပြင်ရမည်နည်းဟု မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က ၂ဝ၁၄ တွင် အပြီးပြင်ရမည်ဟု ဆိုလိုက်ခြင်းဖြစ်သည်။

၎င်းက “ ၂ဝ၁၄ သိပ်ပြီး နောက်မကျခင် ပြင်မှသာ ၂ဝ၁၅ ရွေးကောက်ပွဲ မျှမျှတတနဲ့ လွတ်လွတ်လပ် ဖြစ်နိုင်မှာပါ“ ဟု ဆိုသည်။

ဖွဲ့စည်းပုံကို ပြုပြင်ပြောင်းလဲခြင်း မလုပ်ပါက မျှတသည့် ရွေးကောက်ပွဲ ဖြစ်နိုင်မည် မဟုတ်ဟုလည်း ပြောကြားလိုက်သည်။

ယင်းအပြင် ဒေါ်အောင်ဆန်းစုကြည်က “ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် နိုင်ငံရဲ့ အနာဂတ် အတွက် အကျိုးမပြုတဲ့ ဥပဒေ“ ဟုလည်း ဝေဖန်လိုက်သည်။

နမ့်ဆမ် ဟောပြောပွဲမှ ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်း ကောက်နှုတ်ချက်များ မဖတ်ဖူးသူ အများစု ဖြစ်နေတဲ့ ဖွဲ့စည်းပုံ


“ဖွဲ့စည်းပုံ အခြေခံဥပဒေ မဖတ်ဖူးတဲ့သူက အများစု ဖြစ်နေတယ်။ ဒါကလည်း ပြည်သူတွေရဲ့ အပြစ် မဟုတ်ဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲတုန်းက ပြည်သူအများ သိရှိအောင် မလုပ်ပေးခဲ့တဲ့ အုပ်ချုပ်ပိုင်း ဆိုင်ရာရဲ့ အပြစ် ဖြစ်တယ်။ ပြည်သူအများက မသိဘဲနဲ့ ၉ဝ ရာခိုင်နှုန်းကျော် ထောက်ခံတယ် ဆိုတာ တော်တော်လေး စဉ်းစားစရာ ကောင်းတဲ့ အချက်ဖြစ်တယ်“

ဖွဲ့စည်းပုံပြင်ရေး အတွက် အဓိက ကျသူများနှင့် ပူးပေါင်း ဆောင်ရွက်မည် “ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြုပြင် ပြောင်းလဲတဲ့ အခါမှာ အကြမ်းဖက်တဲ့ နည်းနဲ့ အင်အားသုံးတဲ့ နည်းနဲ့ လုပ်ဖို့ဆိုတာ ကျွန်မတို့မှာ လုံးဝဆန္ဒ မရှိဘူး။ ပြည်သူလူထုရဲ့ ထောက်ခံမှုကို ရယူမယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ရေးအတွက် အဓိကကျတဲ့ ပုဂ္ဂလိလ်များ အဖွဲ့အစည်းများနဲ့ညှိနှိုင်းဆောင်ရွက်မယ်။


မည်သူ ထိန်းချုပ်မှု အောက်တွင်မှ နိုင်ငံကို အုပ်ချုပ်လိုခြင်း မရှိဟု ဆို

နမ့်ဆမ် ဟောပြောပွဲတွင် “ပုဒ်မ ၅၉ စကို ပြင်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်သမ္မတ ဖြစ်ပါက ကာကွယ်ရေး ဦးစီးချုပ် ထိန်းချုပ်မှု အောက်တွင် ရှိပါက သူမ၏ လုပ်ပိုင်ခွင့်နှင့် ပတ်သက်ပြီး မေးမြန်းရာတွင် “ကျွန်မ ဘယ်သူ့ ထိန်းချုပ်မှု အောက်မှာမှ ခံပြီးတော့ ဒီနိုင်ငံကို အုပ်ချုပ်ချင်တဲ့ ဆန္ဒ မရှိဘူး ။ နိုင်ငံတစ်နိုင်ငံကို ခေါင်းဆောင်တဲ့ သူဆိုတာ ပြည်သူလူထုရဲ့ ဆန္ဒ တစ်ခုတည်းတောင်မှ အမြဲတမ်းကြည့်ပြီး လုပ်လို့မဖြစ်ဘူး။ တိုင်းပြည်အတွက် ကောင်းလား မကောင်းလား ဆိုတာ ကြည့်ရမယ်“ ဟု ဖြေကြားလိုက်သည်။

အဆိုပါ နမ့်ဆမ် လူထု တွေ့ဆုံပွဲတွင် ရပ်စောက်၊ ရွာငံ၊ ကလော၊ ဟိုပုံး၊ မိုင်းရှုး၊ နမ့်ဆမ်၊ ဟဲဟိုး၊ ကွမ်လုံ၊ လွိုင်လင် ၊ တောင်ကြီးစသော မြို့နယ်များမှ ပြည်သူ ၄ဝဝဝ ခန့် တက်ရောက်ပြီး ဓနု၊ တောင်ရိုး၊ ပအိုးဝ်၊ လီဆူ၊ ယင်းနက်၊ ယင်းကြား၊ ရှမ်း တိုင်းရင်းသားများ တက်ရောက်သည်။ ယင်းပွဲတွင် အခြေခံဥပဒေနှင့် ပတ်သက်ပြီး ပြည်သူ သဘောထား ခံယူရာ ပြင်ဆင်လိုသူ ၉၅ ရာခိုင်နှုန်း ရှိပြီး ၅ ရာခိုင်နှုန်းခန့်က အသစ် ပြန်လည် ရေးဆွဲလိုကြသည်။

ဇန်နဝါရီ ၂၅ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ရှမ်းပြည်တောင်ပိုင်း နမ့်ဆမ်၊ မိုးနဲ ၊ လင်းခေး မြို့နယ်များတွင် အခြေခံ ဥပဒေနှင့် ပတ်သက်ပြီး လူထု တွေ့ဆုံပွဲများ ပြုလုပ်ခဲ့သည်။

No comments: