Saturday, January 11, 2014

ဧရာဝတီတိုင်းရှိ တရားစီရင်ရေး မမျှတမှုများ လွှတ်တော်သို့ ထပ်တင်မည်

အေးမြင့်စန်း

ဧရာဝတီတိုင်းအတွင်း မော်လမြိုင်ကျွန်းနှင့် သာပေါင်းမြို့နယ်များရှိ လယ်သမား၊ ရေလုပ်သားများနှင့်မြေ ပိုင်ရှင်များနှင့် ဖြစ်ခဲ့သည့် အမှုများတွင် တရားစီရင်ရေး မမျှတမှုများ ရှိနေသည်ကို လာမည့် န၀မအကြိမ် တိုင်းလွှတ်တော်တွင် ထပ်မံဆွေးနွေးသွားမည်ဖြစ်သည်ဟု ဧရာဝတီတိုင်းလွှတ်တော် ကတိက၀တ်ကော် မတီဥက္ကဋ္ဌ ဦးလှမြင့်က မဇ္ဈိမကို ပြောသည်။

အဆိုပါဖြစ်ရပ်များသည် မြေသိမ်းခံရသော လယ်သမားများ လယ်မြေအတွင်း ၀င်ရောက် ထွန်ယက်ခြင်း နှင့် အင်းများတွင် ၀င်ရောက် ငါးဖမ်းခြင်းတို့ကြောင့် တိုင်ကြားခြင်းခံရသော အမှုများဖြစ်ပြီး တရားစွဲဆို ထားသည့် ပုဒ်မများသည် မျှတခြင်းမရှိသောကြောင့် ပြီးခဲ့သည့် အဋ္ဌမအကြိမ် လွှတ်တော်တွင်း ဆွေးနွေး ခဲ့သော်လည်း မပြီးပြတ်ခဲ့သောကြောင့် ထပ်မံဆွေးနွေးသွားမည် ဖြစ်သည်။

“သူသတ်မှတ်ထားတဲ့ အထူးဥပဒေရှိရဲ့သားနဲ့ အရေးမယူဘဲနဲ့ ပြင်းထန်တဲ့ခိုးမှုနဲ့ အရေးယူတာ လေ့လာ တော့ သွားတွေ့တယ်။ လွှတ်တော်တစ်ရပ်လုံးက ပြည့်ပြည့်စုံစုံလေ့လာပြီး တရားစီရင်ရေး မှားနေတယ် ဆိုတဲ့အကြောင်း ထောက်ပြတော့မယ်လေ”ဟု ဦးလှမြင့်က ပြောသည်။

အင်းအတွင်း တရားမ၀င် ၀င်ရောက် ငါးဖမ်းပါက ရေချိုငါးလုပ်ငန်းဥပဒေဖြင့် အမှုဖွင့် အရေးယူလျှင် ပြစ် ဒဏ်ပေါ့သောကြောင့် ပုဒ်မ ၃၇၉ (ခိုးမှု) ဖြင့် အမှုဖွင့်မှုများရှိနေရာ ယင်းတို့ကို လေ့လာပြီး ထပ်မံ ဆွေး နွေးသွားမည်ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

မော်လမြိုင်ကျွန်းနှင့် သာပေါင်းမြို့နယ်အတွင်းရှိ ရေလုပ်သားနှင့် လယ်သမား ၅၀ ခန့်၏ တိုင်ကြားချက် များအရ ဧရာဝတီတိုင်းလွှတ်တော် ကတိက၀တ်ကော်မတီအဖွဲ့နှင့် လွှတ်တော် လယ်ယာမြေ စုံစမ်းစစ် ဆေးရေးကော်မတီတို့က ရာဇသတ်ကြီးပုဒ်မ ၃၇၉ နှင့် ပြစ်ဒဏ်ချ အရေးယူဖမ်းဆီးခြင်းများ ရှိနေသည် ကို အဋ္ဌမအကြိမ်လွှတ်တော်တွင် တင်သွင်းခဲ့သည်။

ဦးလှမြင့်က “ဥပဒေအရ ရေချိုငါးလုပ်ငန်းဥပဒေပုဒ်မ ၃၄ အရ အရေးယူရမဲ့ကိစ္စကို အရေးမယူဘဲနဲ့ ရာဇ သတ်ကြီးပုဒ်မ ၃၇၉ နဲ့ အရေးယူတာ မှားတယ်၊ ဧရာဝတီတိုင်းဥပဒေချုပ်နဲ့ တိုင်းတရားသူကြီးချုပ်ကို စွဲ ဆိုမှုတွေမှားတဲ့အချက်ကို ထောက်ပြမယ်”ဟု ပြောသည်။

ဧရာဝတီတိုင်းလွှတ်တော် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် စက်မှုလက်မှု ဖွံ့ဖြိုးရေးကော်မတီ၊ မြေယာကိစ္စရပ် များ ညှိနှိုင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ ဦးထိန်လင်းကလည်း ဧရာဝတီတိုင်းရှိအင်းများကို ရေချိုလုပ် ငန်းဥပဒေနှင့် လေလံပေး လုပ်ကိုင်ခွင့်ပြုထားသဖြင့် ရေချိုငါးလုပ်ငန်းဥပဒေဖြင့် အရေးယူမှသာ တရားမျှ တမှုရှိမည်ဟုလည်း ပြောသည်။

ဧရာဝတီတိုင်း အဋ္ဌမအကြိမ်လွှတ်တော်ကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလအတွင်းက ကျင်းပခဲ့ပြီး န၀မအကြိမ် လွှတ်တော်အစည်းအဝေးကို လာမည့်ဖေဖော်ဝါရီလအတွင်း ကျင်းပမည် ဖြစ်သည်။

No comments: