Sunday, January 12, 2014

ရခိုင်သမိုင်းသုတေသီ ဆရာဦးကျော်ထွန်းအောင် ကွယ်လွန်

နိရဉ္စရာ

ရခိုင်သမိုင်းသုတေသီ၊ ရှေးဟောင်းယဉ်ကျေးမူသုတေသန ဌာန လက်ထောက် ညွှန်ကြားရေးမှူးဟောင်း ဦးကျော်ထွန်အောင်သည် ယနေ့ (ဇန်န၀ါရီလ ၁၁) ရက်နေ့ ညနေ ၅ နာရီခွဲတွင် ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် ကွယ်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

ကွန်လွန်ချိန်တွင် ဆရာဦးကျော်ထွန်းအောင်မှာ အသက် (၆၄) နှစ် ရှိသည်။

ဆရာသေဆုံးသွားခြင်းမှာ ရခိုင်လူမျိုးများအတွက် အစားထိုးမရသော ဆုံးရှုံးမူ တစ်ရပ်ဖြစ်ကြောင်း ကျန်ရစ်သူ ဆရာ၏ ဇနီးဖြစ်သူ ဒေါ်ခင်စန်းက နိရဉ္စရာသို့ ပြောသည်။

“ ကျွန်မတို့ မိသားစုက ဆရာကို ပိုင်တာက ၁၀ ရာခိုင်နုန်းပါ။ ရခိုင်ပြည်သူတွေပိုင်တာက ၉၀ ရာခိုင်နုန်းပါ။ ဆရာဆုံးသွားတာဟာ ရခိုင်အမျိုးသားတွေအတွက် အစားထိုးမရတဲ့ ဆုံးရှုံးမူ တစ်ရပ်လို့မြင်ပါတယ်” ဟု ဆိုသည်။

ဆရာဦးကျော်ထွန်းအောင် နှလုံးရောဂါ အခံရှိပြီး ဥဏှောက်ကို ထိခိုက်သွားခဲ့ရာမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ခဲ့ရပြီး ရက်အတန်ကြာအောင် သတိမရ ဖြစ်နေခဲ့ပြီး ယနေ့ ၅ နာရီခွဲတွင် ဘ၀ချုပ်ငြိမ်းသွားခဲ့သည်။

ဆရာဦးကျော်ထွန်းအောင်သည် စစ်တွေထောင်ထဲတွင် ကွယ်လွန်သွားခဲ့သူ ရခိုင်မြန်မာ ပဏ္ဍတိတ်ဆရာကြီး ဦးသာထွန်း၏ သားကြီးဖြစ်ပြီး သူသည် သူ့၏ ဘ၀ကို ရခိုင်ပြည်နှင့် ရခိုင်အမျိုးသားများ အတွက် သူတတ်ထားသော သမိုင်း၊ ယဉ်ကျေးသုတေသီ အလုပ်ဖြင့် သေဆုံးချိန်ထိ ပေးဆပ်ခဲ့သူ တစ်ဦးလည်း ဖြစ်သည်။

ဆရာဦးကျော်ထွန်းအောင်သည် ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တွင်လည်း ဗဟိုအလုပ်အမူဆောင်ကော်မီတီအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး RNDP နှင့် ALD ပါတီနှစ်ခုကို ပေါင်းစည်းထားသော ရခိုင်အမျိုးသားပါတီတွင်လည်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ပေးပို့ထားသော ကိုယ်စားလှယ်စာရင်းတွင် ပါဝင်ခဲ့သူ တစ်ဦးဖြစ်သည်။

ဆရာဦးကျော်ထွန်းအောင်တွင် ဇနီး ဒေါ်ခင်စန်း၊ သမီးကြီး စောနန်းသဇင်၊ သားကြီးကောင်းထွန်းကျော်၊ သမီး စောနန်းအိရှင်၊ သားစောမင်းဖြူတို့ကျန်ရစ်ခဲ့သည်။

No comments: