Thursday, January 2, 2014

မန္တလေးနှစ်ကူးည ထိခိုက်ဒဏ်ရာရသူ ၆၀ ကျော် ဆေးရုံရောက်

မျိုးသန့်

အမျိုးသမီး ၁၁ ဦးအပါအ၀င် အရေးပေါ်လူနာဌာနတွင် ကုသလျက်ရှိ

၂၀၁၃ မှ ၂၀၁၄ ခုနှစ်သို့ ကူးပြောင်းသည့် နှစ်သစ်ကူးညတွင် မန္တလေးမြို့အတွင်း ထိခိုက်ဒဏ်ရာရရှိမှု ခြောက်ဆယ်ကျော်ရှိပြီး မန္တလေးပြည်သူ့ဆေးရုံကြီး၏ အရေးပေါ်လူနာဌာနတွင် ကုသလျက်ရှိကြောင်း ဆေးရုံကြီး၏ ဒီဇင်ဘာ ၃၁ ရက် ည ၆နာရီမှ ဇန်န၀ါရီ ၁ ရက် နံနက် ၉ နာရီအထိ ကောက်ယူထားသော စာရင်းများအရ သိရသည်။

“ညပိုင်းမှာ ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ရာမှာ သေဆုံးမှုတော့ မရှိပါဘူး။ ထိခိုက်ဒဏ်ရာရရှိမှုကတော့ များပါတယ်။ ညပိုင်း ၈ နာရီဝန်းကျင် ကနေပြီး ဖြစ်ပွားတာတွေ ရောက်တာပါ။ နံနက်လေးနာရီဝန်းကျင် အထိ လာရောက်ပို့ဆောင်တာတွေ ရှိပါသေး။ မနှစ်ကနဲ့မတူဘဲ ဒီနှစ်မှာတော့ မိန်းကလေးတွေပါဝင်လာ တာတော့ ရှိပါတယ်”ဟု အရေးပေါ်လူနာ လက်ခံကုသဆောင်ဌာနတွင် တာဝန်ထမ်းဆောင်နေသော ရဲ ၀န်ထမ်းတစ်ဦးက ပြောသည်။

ထိခိုက်ဒဏ်ရာရရှိမှုများတွင် ဆိုင်ကယ်တိုက်မှု၊ ဓားခုတ်မှု၊ ဗြောက်အိုးဖောက်ခြင်း၊ အရက်သေစာမူးရမ်း ကားခြင်းတို့ကြောင့် အများဆုံးဖြစ်ပွားခဲ့သည်။ ဖြစ်ပွားခဲ့မှုတွင် အမျိုးသားများနည်းတူ အမျိုးသမီးများမှာ ထိခိုက်ဒဏ်ရာရရှိမှုများပါ ပါဝင်လာခဲ့သည်။ နှစ်သစ်ကူးလည်ပတ်ခြင်းကြောင့် ထိခိုက်ဒဏ်ရာရ စာရင်း များအဖြစ် ည ၉ နာရီမှ နံနက် ၃ နာရီထိ အမျိုးသား ဒဏ်ရာရရှိသူ ၅၀ ဦးခန့်နှင့် အမျိုးသမီး ဒဏ်ရာရရှိ သူ ၁၁ ဦးရှိကြောင်း မန္တလေးပြည်သူ့ဆေးရုံ အရေးပေါ်လူနာဌာနရှိ မှတ်တမ်းများတွင် ဖော်ပြထားသည်။

ထိခိုက်ဒဏ်ရာရရှိမှုများတွင် ဓားဖြင့်ခုတ်သဖြင့် လက်ပြတ်ခြင်း၊ ဗြောက်အိုးဖောက်ရာတွင် လက်ပေါ် ပေါက်ကွဲမှုဖြစ်ပွားကာ လက်နှစ်ချောင်းပြတ်ခြင်းနှင့် ဆိုင်ကယ်တိုက်မှုကြောင့် ပြင်းထန်သော ဒဏ်ရာရ ရှိခဲ့ခြင်းများ ဖြစ်ပွားခဲ့သည်။

ဖြစ်ပွားခဲ့မှုအများဆုံးမှာ ကျုံးဘေးဝန်းကျင်တွင် ဖြစ်ပွားခဲ့မှုများပြီး အဓိက ကျုံးအရှေ့ဘက်ခြမ်းတွင် ပြ ဿနာဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။

No comments: