Sunday, January 26, 2014

တရုတ်သီးနှံများ ဈေးတက်သော်လည်း အရောင်းလိုက်ဆဲ

KNG

တရုတ်ပြည်ဖက်မှ သီးနှံများ ယခု ရက်ပိုင်းများအတွင်း ဈေးနှုန်းများ ရုတ်တရက် မြင့်တက်လာခဲ့ကြောင်း မြစ်ကြီးနား သစ်သီးပွဲရုံများက ပြောသည်။

သို့သော်လည်း ရောင်းအား ကျဆင်းခြင်းမရှိပဲ ၀ယ်ယူမှု ဆက်လက်အားကောင်းဆဲ ဖြစ်သည်ဟု ပွဲရုံ ကိုယ်စားလှယ် တဦးက ပြောသည်။

သစ်သီးပွဲရုံကိုယ်စားလှယ် မဆိုင်းဘူက “ရက်ပိုင်းအတွင်းပဲသီးနှံတွေ တစ်ဖာမှာ သုံး၊ လေးထောင်ဈေးတက်သွားတယ်” ဟု ပြောသည်။

သီးနှံဈေးနှုန်းမြင့်တက်လာခြင်း၏ အကြောင်းအရာတစ်စိတ်တစ်ပိုင်းအား သီးနှံများရောင်းဝယ် သူ ဒေါ်ဂျာဘောက်က “ရက်ပိုင်းအတွင်း တရုတ်ငွေဈေးတွေလည်းတက်လာတာကြောင့် သီးနှံတွေဈေး တက်လာတာရယ်၊ နောက်အသီးတစ်မျိုးနဲ့ တစ်မျိုးပြောင်ချိန်ရောက်လို့ ဈေးတက်လာတာလည်းဖြစ်တယ်၊ ပန်းသီးဆိုအရင်က အကျွတ်သီး ပေါ်ချိန် အခုဆိုပန်းတော့ပန်းသီးပဲ ဒါပေမဲ့ အရင်ရောက်တာမျိုး မဟုတ် တော့ဘူး” ဟု ပြောသည်။

သို့သော်လည်း တရုတ်နှစ်သစ်ကူး ပွဲတော်အချိန်နီးကပ်လာခြင်းနှင့် ရောင်းအားကောင်းနေဆဲဖြစ်ပြီး ဒေသခံများ စားသုံးသောရာသီ ပေါ်သီးနှံတုံးချိန်ဖြစ်ခြင်းကြောင်း ၀ယ်လိုအား ဆက်ရှိနေကြောင်း မဆိုင်းဘူက ပြောသည်။

“ရောင်းအားက တော့ကျမသွားဘူးပုံမှန်ပဲ၊ အခုဆိုတရုတ်နှစ်သစ်ကူးနီးလာတော့ သီးနှံတွေရောင်းလို့ ကောင်းတုန်းပဲ၊ အရင်လတွေကလိမ္မော်သီးပေါ်ချိန်ဆိုတော့လူတွေက ရာသီပေါ်သီးနှံတွေစားကြတယ်၊ သီးနှံစားသုံး ချိန်ကဆက်နေလို့ဖြစ်နိုင်တယ်”


ထိုသို့ ဇန်န၀ါရီလကုန်ပိုင်းတွင် နှစ်စဉ်တရုတ်ဘက်မှဝင်လာသော သီးနှံများ ဈေးနှုန်းမြင့်တက်နေသော် လည်း ယခုရောက်လာမည့် ဖေဖော်ဝါရီလနှင့်မတ်လများတွင်ပုံမှန်အတိုင်း သီးနှံဝယ်ယူစားသုံးသူများ ဆက်ရှိနိုင်သည်ဟု ပွဲရုံ ကိုယ်စားလှယ်က ခန့်မှန်းသည်။

“မြစ်ကြီးနားမြို့ပေါ်မှာ အများအားဖြင့် သီးနှံတွေကို တရုတ်လူမျိုးတွေဝယ်စားတာ များတယ်၊ သူတို့ပဲ များများ ၀ယ်ကြတယ်၊ ဒါပေမဲ့အခုဆို ကချင်လူမျိုးတွေသာမက ဒေသခံတွေလည်း အသီးအနှံ အရင်က ထက်ပိုစား လာတာ တွေ့ရတယ်ဒါကြောင့် ရောင်းအားကတော့ ပုံမှန်အတိုင်းဆက်ရှိနေမယ်လို့ထင်တယ်”

ကချင်ပြည်နယ်အတွင်း ဖြန့်ချီရောင်းချနေသော တရုတ်သစ်သီးအများပိုင်းကို တရုတ်ပြည် ယင်ဂျန်း၊ ကန်ပိုင်တီ၊ ထိန်ချုန်းဘက်မှ တင်သွင်း ရောင်းချခြင်းဖြစ်ကာပန်းသီး၊ လိမ္မော်သီး၊ စပျစ်သီး၊ ပျားလိမ္မော်၊ စတော်ဘယ်ရီသီး၊ သစ်တော်သီး၊ သံပုရာသီး၊ ၀က်မြေဥ၊ ၀ါရှင်တန်သီး၊ သစ်ကြားသီး၊ တည်သီးနှင့် ဖရဲသီး တို့ဖြစ်ကြောင်း သိရသည်။

No comments: