Thursday, January 23, 2014

မန္တလေးခရိုင်အတွင်း လူဦးရေကို သိနိုင်မည့်စက်တိုင်း လ-၀-က သုံးမည်

မျိုးသန့်

မန္တလေးခရိုင်အတွင်းရှိ လူဦးရေနှင့် မှတ်ပုံတင်ရရှိမှုအခြေအနေများ သိရှိနိုင်မည့်စက် တပ်ဆင်အသုံးပြု မည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်သူအင်အားဦးစီးဌာန တိုင်း ဒေသကြီးဦးစီးဌာနမှူးရုံး(မန္တလေး) တိုင်းဦးစီးမှူးဦးသောင်းဇော်က ဇန်န၀ါရီလ၂၂ရက်တွင် မဇ္ဈိမသို့ ပြော သည်။

လူဦးရေ၊ မှတ်ပုံတင်တွေကို တိတိကျကျသိရှိစေဖို့အတွက် Main Serverစက်တစ်ခုကို တိုင်းရုံးဝင်းအ တွင်း တပ်ဆင်မှာ ဖြစ်ပါတယ်။ အခု လိုအပ်တဲ့ Software တွေကို စတင်ရေးဆွဲနေပြီဖြစ်ပါတယ်။ ငွေ ကျပ် သိန်းရာဂဏန်းဝန်းကျင် ကုန်ကျမှာပါ”ဟု ဦးသောင်းဇော်က ပြောသည်။

အဆိုပါစက်ကို စင်ကာပူနိုင်ငံက East Wind Solutions Co.,Ltd မှ ပညာရှင်များမှ တာဝန်ယူတပ်ဆင် မည်ဖြစ်ပြီး အဆိုပါစက်မှ လူဦးရေ၊ မှတ်ပုံတင်ချထားပေးခြင်းနှင့် မှတ်ပုံတင်ပေးရန်ကျန်ရှိသည့် လူဦးရေ အရေအတွက် သိရှိနိုင်မည့်စက်ဖြစ်သည်။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်သူ့ အင်အားဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူးရုံး (မန္တလေး)တွင် တပ်ဆင်သွားမည်ဖြစ်သည်။

အဆိုပါစက်တပ်ဆင်ပြီးလျှင် မန္တလေးခရိုင်အတွင်းရှိ အိမ်ထောင်စုစာရင်းများကို အဆိုပါစက်မှ မှတ်တမ်း ပြုစုထားပြီး အသက် ၁၀ နှစ်ပြည့်သည့်သူများ မှတ်ပုံတင်ပြုလုပ်ရန်အတွက် အသိပေးခြင်း၊ မှတ်ပုံတင်ရ ရှိမှုနည်းနေသော မြို့နယ်များကို သိရှိနိုင်ခြင်း၊ သေဆုံးစာရင်းများနှင့် ဧည့်နိုင်ငံသားစာရင်းများကို အတိ အကျဖော်ပြနိုင်ခြင်းတို့ကို ပြုလုပ်နိုင်မည် ဖြစ်သည်။

“စက်ကို တိုင်းရုံးမှာ အထိုင်ထားပြီး အဲဒီကနေ စောင့်ကြည့်မယ့် ၀န်ထမ်းတစ်ယောက်ထားရှိမှာဖြစ်သလို မြို့နယ်အလိုက် မှတ်တမ်းတွေကို ကောက်ယူသွားမှာ ဖြစ်ပါတယ်။ မရရှိသေးတဲ့သူတွေကိုလည်း ဖုန်းနဲ့ အကြောင်းကြားသွားမှာပါ။ လတ်တလောမှာတော့ မန္တလေးခရိုင်အတွက်ပဲ လျာထားပါတယ်”ဟု ဦး သောင်းဇော်က ပြောသည်။

လူဦးရေစာရင်းကောက်ခံမည့်စက်ကို နိုင်ငံသားများ၏လှူဒါန်းငွေဖြင့် ၀ယ်ယူခြင်းဖြစ်ပြီး နည်းပညာနှင့် ပတ်သက်သော ငွေကြေးကုန်ကျစရိတ်များကို လက်ရှိလုပ်ဆောင်ပေးမည့် ကုမ္ပဏီက အခမဲ့လုပ်ဆောင် ပေးသွားမည်ဖြစ်သည်။

No comments: