Saturday, January 4, 2014

စစ်တပ်အာဏာသိမ်းခွင့်ကို ပယ်ဖျက်ရန် ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဆွေးနွေးမည်

ဟိန်းကိုစိုး

ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေးကော်မတီသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပေးပို့သည့် အကြံပြုစာတွင် မပါဝင်သော်လည်း လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၈ (တပ်မတော်အာဏာသိမ်း ခြင်းဆိုင်ရာပုဒ်မ)ဖျက်သိမ်းရန် လာမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးသွားမည် ဟု ဗဟိုကော်မတီဝင် မကွေးတိုင်းမဲဆန္ဒနယ် အမှတ် ၁၂၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှ ဆွေက မဇ္ဈိမကို ပြောသည်။

“အာဏာသိမ်းတာကို ဖွဲ့စည်းပုံထဲမှာ ထည့်စရာမလိုဘူး။ ဘယ်နိုင်ငံမှာမှလဲ မပါဘူး။ မပါလဲသိမ်းတာပဲ။ ပြီးခဲ့တဲ့ ၄၇ နဲ့ ၇၄ မှာလဲ မပါပေမယ့် ဦးနေ၀င်းတို့၊ ဦးစောမောင်တို့က သိမ်းသွားတာပဲ။ ဒီတော့ ထည့်စ ရာကို မလိုဘူး”ဟု ၎င်းက ပြောသည်။

ဆွေးနွေးမှုကို ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ အစီရင်ခံစာ တင်သွင်းမှုအပြီးတွင်ဆောင်ရွက်ရန် စီစဉ်ထားခြင်းဖြစ်သည်။ ၀ါရင့်နိုင်ငံရေးသမားကြီး ဦးသုဝေကလည်း ယခုအချိန်တွင် ယင်းသို့သော ပြဋ္ဌာန်းချက်မျိုးရှိရန် မသင့်တော့ဟု သုံးသပ်ပြောဆိုသည်။

“ဒီလိုနိုင်ငံရေးအခြေနေ ငြိမ်းချမ်းရေးတွေ ခိုင်ခိုင်မာမာ တည်ဆောက်နိုင်တဲ့ အခြေနေဆို ဒီလိုပြဋ္ဌာန်း ချက်က လုံးဝမပါသင့်ဘူး။ ပယ်ဖျက်သင့်တယ်။ အရင် အာဏာသိမ်းခဲ့တဲ့သူတွေက အခြေခံဥပဒေကို ဆန့်ကျင်ဖောက်ဖျက်ပြီး သိမ်းတာ။ သူတို့ကမှ သူပုန်လို့ပြောရမှာ။ အခု ဥပဒေထဲမှာ ထည့်ထားတော့ တရားဝင်ဖြစ်အောင် လုပ်ထားသလို ဖြစ်နေတယ်”ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ၁၉၅၈ ခုနှစ်နှင့် ၁၉၆၂ ခုနှစ်တို့တွင် ထိုစဉ်က တပ်မတော် ကာကွယ်ရေးတာဝန်ရယူထားသူ ဗိုလ်ချုပ်ကြီးနေ၀င်းက အာဏာသိမ်းယူခဲ့ပြီး မြန်မာ့ဆိုရှယ်လစ် လမ်း စဉ်ပါတီကို ထူထောင်ကာ အရပ်သားအစိုးရအဖြစ် တိုင်းပြည်ကို အုပ်ချုပ်ခဲ့သော်လည်း ၁၉၈၈ ခုနှစ်တွင် ပြည်သူတို့၏ တစ်ခဲနက် ဒီမိုကရေစီတောင်းဆိုမှုကြောင့် အာဏာစွန့်လွှတ်လိုက်ရသည်။

အဆိုပါ ဒီမိုကရေစီအရေးတော်ပုံကြီးကို ထိုစဉ်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်ခဲ့သူ ဗိုလ်ချုပ် ကြီးစောမောင်၏ အာဏာသိမ်းမှုဖြင့် အဆုံးသတ်ခဲ့သည်။ ယင်းနောက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တပ် မတော်နှင့် နိုင်ငံတော်အာဏာကို နှစ်ပေါင်း ၂၀ ကျော် ဆက်လက် ရယူခဲ့ပြီးနောက် အဆိုပါပြဋ္ဌာန်းချက် ပါဝင်သည့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲ၍ ရွေးကောက်ပွဲ ကျင်းပစေပြီး အာဏာကို စွန့်လွှတ်သွားသည်။ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်အထိ ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေး ပူးပေါင်းကော် မတီသို့ ပုဒ်မ ၄၁၈ ပါဝင်သည့် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ အခန်း(၁၁)ကို ပြင်ဆင်ရန် အ ကြံပြုချက် ၃၃၈ ချက် ပါဝင်သည်။

No comments: