Sunday, January 5, 2014

ပြည်တော်ပြန် မိုင်းဖုန်း ဆရာတော် ရွှေရတု မွေးနေ့ ပရိသတ် သောင်းချီ တက်ရောက်

သျှမ်းသံတော်ဆင့်

ဂျန္နဝါရီလ ၅ ရက်နေ့သည် ပြည်တော်ပြန် မိုင်းဖုန်း ဆရာတော် အရှင်ဉာဏသံဝရ၏ ရွှေရတုမွေး နေ့ တော်ဖြစ်သည်နှင့်အညီ သျှမ်းပြည်အနှံ့မှ ပရိသတ်သောင်းချီ သျှမ်းပြည် အရှေ့ပိုင်း ရွှေတြိဂံဒေရှိ ကျောင်းတော်သို့ လာရောက် ကြည်ညို လှူဒါန်း ခဲ့ကြကြောင်း သိရသည်။

ဒီဇင်ဘာလလယ်ကတည်းက သျှမ်းပြည်မြို့နယ်အနှံ့၊ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ နှင့် တရုတ်နိုင်ငံတို့ မှ ဒကာ ဒကာမများ သျှမ်းပြည် အရှေ့ပိုင်းတာချီလိတ်မြို့ ရွှေတြိဂံဒေသ မဲခေါင်မြစ်ဘေး ဒွန်းရိုန်းကျောင်း တိုက်သို့ စည်ကားသိုက်မြိုက်စွာရောက်ရှိလာကြသည်ဟု တာချီလိတ်မြို့ခံ စိုင်းခမ်းဆိုင်က ပြောသည်။

“ ထိုင်း၊ တရုတ်၊ လော နှင့် ၀ ၊ မိုင်းလားဘက်က ဧည့်သည်တွေလဲလာတယ်။ ဆရာတော်မိုင်းဖုန်း ပြန်ရောက်ကတည်းက မိုင်းဖုန်းကျောင်းမှာ နေ့တိုင်းတရားဟောပေးတယ်။ နက်ဖြန်အထိတရား ဟောမယ်လို့ပြောတယ်။ မွေးနေ့ဖြစ်တဲ့ ဂျန္နဝါရီ ၅ ရက်နေ့ဆိုရင်တော့ ဆရာတော်က ၀ဇီပိတ်ပြီး ကမ္မဌာန်းကျင့်တော့မယ်။ ဆရာတော့် မယ်တော်အတွက် ရည်စူးတယ်လို့ ဆရာတော်ကမိန့်တယ်” ဟု စိုင်းခမ်းဆိုင်ကပြောသည်။

အနယ်နယ်အရပ်ရပ်မှပရိသတ်များမှာ စင်းလုံးငှားကားဖြင့်တမျိုး၊ ခရီးသည်တင်လိုင်းကားဖြင့်တသွယ် တာချီလိတ်သို့ လာကြပြီး တချို့မှာလည်း လေယာဉ်ဖြင့် လာကြကြောင်း ၎င်းကဆက်လက်ပြော ပြသည်။

တာချီလိတ်ရောက် လားရှိုးမှ ပါ့နန်းလူက “ ဆရာတော်က ဒီနေ့ တရားဟောတာ ဗမာဌာန်ကရိုဏ်းနဲ့ ပရိတ်ရွတ်တယ်။ အရင်တုန်းက သျှမ်းရှေ့ ဘုရားရှိခိုးတဲ့ ပါဠိလေသံ နဲ့ ဘဲလေ။ ဒီတခေါက် ထူးထူး ဆန်းဆန်းဖြစ်နေတယ်။ ဆရာတော်ပြောတဲ့နောက်တခွန်းကြောင့် တရားနာပရိသတ်တချို့ ဝမ်းသာ မျက် ရည်ကျကြတယ်။ ဆရာတော်က - ဘာဘဲဖြစ်ဖြစ် တိုင်းပြည်ကနေ ထွက်ခွါတော့ မှာမဟုတ်ဘူး၊ ခဏတဖြုပ် သာသနာပြုခရီးကလွဲလို့ မိုင်းဖုန်း ကျောင်းတော်မှာဘဲ ပျံလွန်ချိန်အထိ ကျိန်းဝပ်တော့ မယ်တဲ့။ သျှမ်းပြည်သားတွေနဲ့ဘဲနေတော့မယ်လို့ မိန့်တယ်လေ ” ဟု ဝမ်းသာ အားရ ပြန်လည်ပြော ပြသည်။

စစ်အစိုးရခေတ် ဗိုလ်ချုပ်ခင်ညွန့် ဦးဆောင်သည် စစ်ထောက်လှမ်းရေးအဖွဲ့က ဆရာတော်အား မတရားအသင်း ဆက်သွယ်မှု၊ ပြည်ထောင်စုပြိုကွဲစေသည့် တရားတော်များ ဟောကြားမှုအစရှိ အမှု များဖြင့်စွပ်စွဲကာ ၂၀၀၄ ခုနှစ်က ဖမ်းဆီးရန် ကြိုးစားစဉ် ဆရာတော်မှာ ထိုင်းနိုင်ငံသို့ တိမ်းရှောင် ခဲ့ခြင်းဖြစ်သည်။ ထို အချိန်မှစ၍ တခြားအရပ်သို့ကြွချီ တရားဟောခြင်း မပြုတော့ဘဲ မိမိ ကျောင်းတော် တွင်သာ တနှစ်တကြိမ် မွေးနေ့အလှူကျင်းပခဲ့၏။ ၂၀၁၀ က ထိုင်းနိုင်ငံ လမ်းပန်းခရိုင် ငေါင်းမြို့နယ် နှင့် ၂၁ ကီလိုမီတာအကွာ မယ်ကေ့ရွာအနီး ရတ်ချခရု မဟာဗောဓိလိုဏ်ဂူတော်တွင် ဂူအောင်း တရားကျင့်ခဲ့ရာ ၃ နှစ်ကျော် ကြာခဲ့ပါသည်။ ဦးသိန်းစိန်အစိုးရ၏ တိုင်းပြည်အပြောင်းအလဲကြောင်း ဆရာတော်၏ တပည့်ဒကာများက သွားရောက်ပင့်ဆောင်သဖြင့် နိုဝင်ဘာလ ၁၅ ရက် က တာချီလိတ်ရှိ မိုင်းဖုန်းကျောင်းတိုက်သို့ ပြန်လည်ကြွချီ တော်မူခဲ့ခြင်းဖြစ်ပါသည်။

No comments: