Saturday, January 4, 2014

ပြည်ခိုင်ဖြိုးပါတီက ၅၉(စ)နှင့်ပတ်သက်ပြီး နည်းလမ်းသုံးခု အကြံပြု

စိုးသန်းလင်း၊ ဉဏ်လှိုင်လင်း

ပြည်ထောင်စု လွှတ်တော်အတွင်း အင်အားအကြီးဆုံးပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက သမ္မတအရည်အချင်းသတ်မှတ်ချက်ဆိုင်ရာ ပုဒ်မ ၅၉(စ)ကို ပြင်ဆင်ရန် နည်းလမ်းသုံးခုဖြင့် ဖွဲ့စည်းပုံလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ အကြံပြုထားသည်ကို ပါတီ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်မှုဇယား ကျိုးကြောင်းဖော်ပြချက်အရ သိရသည်။

ဒီဇင်ဘာ ၂၈ ရက်မှ ၃၀ ရက်အထိ သုံးရက်ကြာကျင်းပခဲ့သည့် ပြည်ခိုင်ဖြိုး ဗဟိုကော်မတီအစည်းအဝေး တွင် ဆွေးနွေးဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ယင်းသည် ဒေါ်အောင်ဆန်းစုကြည်၏ သမ္မတဖြစ်ခွင့်ကို လမ်းပွင့်သွား စေသည်ဟု ဗဟိုကော်မတီဝင် ဦးလှဆွေက မဇ္ဈိမကို ပြောသည်။

“ပါတီက ဒီပုဒ်မမှာပါတဲ့ ချွေးမ၊ သားမက်တွေ နိုင်ငံခြားအစိုးရရဲ့ ကျေးဇူးခံဆိုတဲ့အချက်ကို ဖျက်မယ်။ ဒီ ဟာကိုဖျက်ဖို့အတွက် ဒီနေ့ ပါတီတွင်းမှာ မဲခွဲဆုံးဖြတ်ကြတယ်။ ကန့်ကွက်မဲက မရှိသလောက်ဘဲ အားလုံး က ထောက်ခံကြတယ်”ဟု အစည်းအဝေးနောက်ဆုံးနေ့တွင် ၎င်းက ပြောခြင်းဖြစ်သည်။

လက်ရှိပြဋ္ဌာန်းထားသည့် ပုဒ်မ ၅၉(စ)တွင် မိဘ၊ ခင်ပွန်း၊ ဇနီး၊ သားသမီး၊ သားမက်၊ ချွေးမတို့သည် နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ၊ တိုင်းတစ်ပါးနိုင်ငံသား၊ တိုင်းတစ်ပါး၏ အခွင့်အရေးများ၊ ကျေးဇူးခံစားခွင့်များ ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရဟု ပြဋ္ဌာန်းထားခြင်းဖြစ်သည်။

ယင်းကို မိဘ၊ ခင်ပွန်း၊ ဇနီးနှင့် သားသမီးအထိသာ အမျိုးသားရေးလက္ခဏာ၊ ဂုဏ်သိက္ခာတို့နှင့် ပြည်စုံရန်ဟု ပြင်ဆင်ခြင်း၊ ၁၉၄၇ ခုနှစ်နှင့် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေများအတိုင်း ပြဋ္ဌာန်းခြင်း နည်း လမ်းသုံးခုဖြင့် ပြင်ဆင်သင့်သည်ဟု ပြည်ခိုင်ဖြိုးပါတီက သုံးသပ်ထားသည်။

သမ္မတ၏အရည်အချင်းကို နိုင်ငံတော်၏ အတိတ် ပစ္စုပ္ပန်နှင့် အနာဂတ်ကို နှိုင်းယှဉ်ချင့်ချိန်စဉ်းစား၍ မြှင့် တင်ထားရန် လိုသည်ဟု ပြည်ခိုင်ဖြိုးပါတီ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်မှုဇယား၏ ကျိုး ကြောင်းဖော်ပြချက်တွင် ပါဝင်သည်။

ဒေါ်အောင်ဆန်းစုကြည်ကမူ ထိုသို့ ပြင်ဆင်ရန် အကြံပြုထားခြင်းသည့် ဒီမိုကရေစီစံနှုန်းများနှင့်မညီဟု လွတ်လပ်တဲ့အာရှအသံ (RFA-မြန်မာပိုင်း)အစီအစဉ်က တင်ဆက်နေသည့် ဒီမိုကရေစီခရီးကြမ်းနှင့် ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်ကို ဒီဇင်ဘာ ၃၁ ရက်တွင် ပြောသည်။

“တရားဥပဒေအရ ၂၁ နှစ်ကျော်ရင် ကိုယ်က ပိုင်ဆိုင်တော့တာမှမဟုတ်ပဲ၊ သူတို့က လူကြီးဖြစ်ပြီ သူတို့ ဘ၀ကို သူတို့ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။ ဥပဒေအရဆိုရင် ဘာမှမတော်တော့ဘူးလို့ ဒီလိုပဲ ပြောရမှာပဲ။ ဘာမှလဲ တာဝန်မရှိတော့ဘူး။ အဲ့တော့ ၂၁ နှစ်ကျော်နေတဲ့ သားသမီးတွေဟာ သူတို့ဘာသာသူတို့ ဘာနိုင်ငံသား ခံယူ ခံယူ၊ ကိုယ်နဲ့မဆိုင်သင့်ဘူး၊ အဲ့လို ဆိုင်အောင်လို့ လုပ်ထားတာကိုက ဒီမိုကရေစီစံနှုန်းနဲ့လည်း မညီဘူး။ ဒါ တမင်သက်သက် လုပ်ထားတာပေါ့နော်” ဟု ၎င်းက ပြောသည်။

ထို့ပြင် နိုင်ငံတော်သမ္မတ၏ ယနေ့ ပြောကြားသည့် မိန့်ခွန်းပါ နိုင်ငံရေးဦးဆောင်မှုဆိုင်ရာ အရည်အချင်း သတ်မှတ်မှုနှင့် ပတ်သက်သည့် ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ သဘောထားကိုလည်း ဇန်န၀ါရီ ၂ ရက် ပြည်ထောင်စုလွှတ်တော် ရုံးခွဲ ရန်ကုန်၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့သေးသည်။

“အဲဒီလို ဟိုလိုလို ဒီလိုလို ပြောတာကို ကျွန်မ လုံးဝမကြိုက်ဘူး။ ခပ်ရှင်းရှင်းလင်းလင်းပဲ ပြောတာကြိုက် တယ်။ အဲတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ရေးကို ထောက်ခံတာလား၊ မထောက်ခံတာလား အဖြေကို ပေးလိုက်ပါ”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

No comments: