Friday, January 24, 2014

သင်္ကန်းကျွန်းဈေးအနီး စည်ပင်ခရိုင်ရုံးတည်ဆောက်ခြင်းကို ဒုတိယအကြိမ် ဆန္ဒဖော်ထုတ် ကန့်ကွက်မည်

အေးမြင့်စန်း

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းဈေးအနီး အနော်ရထာလမ်းတွင် စည်ပင်ခရိုင်ရုံး တည်ဆောက်နေခြင်းကို ဈေး သူ၊ ဈေးသားများ၊ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူများအပါအ၀င် အင်အား ၄၀၀ ခန့်က ဇန်န၀ါရီလ၂၈ရက် တွင် ဆန္ဒဖော်ထုတ်မည်ဟု ဦးဆောင်သူ သင်္ဃန်းကျွန်းဈေးရှိ ဦးကြင်သိန်းက ပြောသည်။ “စည်ပင်ပိုင်လမ်းလို့ ကြေညာချက်ထုတ်ပြီး သင်္ဃန်းကျွန်းဈေးက ပြည်သူတွေရဲ့ ဆန္ဒမတောင်းယူဘဲ ခရိုင်ရုံးကို အတင်းတည်ဆောက်နေတာပါ၊ ဈေးထဲမှာလဲ ဆိုင်ခန်းတွေ ပြွတ်သိပ်နေရာချထားတော့ မီး ဘေးကြုံရင် အန္တရာယ်ရှိနိုင်တယ်၊ ခရိုင်ရုံးတည်ဆောက်တဲ့နေရာမှာ ဈေးရုံတွေကို ထပ်မံတိုးချဲ့ပေးဖို့ တောင်းဆိုလိုပါတယ်”ဟု ပြောသည်။

သင်္ဃန်းကျွန်းမြို့နယ်၊ ဦးစံဖေရပ်ကွက်အတွင်းရှိ အနော်ရထားလမ်းတွင် စည်ပင်ရုံးဆောက်ထားသည် ကို ဖယ်ရှားပေးရန်၊ စည်ပင်ခရိုင်ရုံး တည်ဆောက်ခြင်း လုံးဝ ဖျက်သိမ်းပေးရန်၊ အများပြည်သူပိုင်လမ်း ကို ပြည်သူထံသို့ ပြန်လည်ပေးအပ်ရန် တောင်းဆိုသွားမည်ဟု ၎င်းက ဆက်လက် ပြောသည်။

ဆန္ဒထုတ်ဖော်မှုကို လေးထောင့်ကန်လမ်းမကြီး (သင်္ဃန်းကျွန်းဈေးကြီးရှေ့)မှ စတင်ကာ ဇမ္ဗူဒိတ်လမ်း၊ ဦးစံဖေလမ်း၊ အနော်ရထာလမ်းတစ်လျှောက်နှင့် သင်္ဃန်းကျွန်းဈေးရှေ့တွင် ဆန္ဒဖော်ထုတ်မည်ဟု ပြော သည်။

ဆန္ဒပြ ထုတ်ဖော်ခွင့်ကို သင်္ဃန်းကျွန်းရဲစခန်းတွင် ဇန်န၀ါရီလ ၁၆ ရက်က လျှောက်ထားခဲ့ရာ ၂၂ ရက် တွင် ခွင့်ပြုချက်ရရှိသဖြင့် ဇန်န၀ါရီ ၂၈ ရက်၊ နံနက် ၁၀ နာရီ၌ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မည်ဖြစ်သည် ဟု ၎င်းက ပြောသည်။

အများပြည်သူပိုင်မြေနေရာ ပြန်လည်ရရှိရေးအတွက် ရန်ကုန်တိုင်း နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်း၊ စည်ပင်သာယာရေးဝန်ကြီး ဦးလှမြင့်နှင့် သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်တို့ထံ တင်ပြထားသည်ဟု ၎င်းက ဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနမှ ဌာနမှူးဦးစံရွှေထွန်းကမူ “စည်ပင်ပိုင်မြေ ပေါ်မှာ တည်ဆောက်တာဖြစ်လို့ ခရိုင်ရုံးတည်ဆောက်မှာကို လုံးဝရပ်ဆိုင်းပေးမှာမဟုတ်ဘူး၊ အရှေ့ပိုင်း ခရိုင်မှာ စည်ပင်ဈေးဌာနပိုင်ရုံး မရှိသေးလို့ တည်ဆောက်ရတာပါ၊ သင်္ဃန်းကျွန်းဈေး မီးမလောင်ခင်က တည်းက တည်ဆောက်ဖို့ စီစဉ်ထားတာ၊ ဈေးသူဈေးသားတွေကိုလဲ အခန်းတွေ နေရာချထားပေးပြီးဖြစ် လို့ ထပ်စီစဉ်ပေးဖို့ မရှိပါဘူး”ဟု ပြောသည်။

အကျယ် ၅၀ x၂၅၀ ပေရှိသည့် အနော်ရထာလမ်း ပြန်လည်ရရှိရေးအတွက် သင်္ဃန်းကျွန်း ဈေးသူဈေး သားများသည် ဇန်န၀ါရီလ ၁၀ ရက်က ပထမအကြိမ်အဖြစ် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

No comments: