Saturday, January 25, 2014

မန္တလေးအိမ်ခြံမြေဈေးကွက် ငြိမ်သက်

ရွှေစင်ခိုင်

၂၀၁၄ခုနှစ်နှစ်ဆန်းပိုင်းတွင် မန္တလေးအိမ်ခြံမြေဈေးကွက်မှာ ငြိမ်သက်လျက်ရှိပြီး ဈေးနှုန်းအမြင့်ဆုံး ရောက်ရှိခဲ့သည့် ၂၀၁၁ နိုဝင်ဘာလပေါက်ဈေး၏ ၄၀ ရာခိုင်နှုန်းမှ ထက်ဝက်ခန့်အထိ ကျဆင်းလျက် ရှိကြောင်း သိရသည်။

“အိမ်ခြံမြေဈေးက အမြင့်ဆုံးရောက်သွားပြီးရင် ငြိမ်သက်သွားတတ်ပါတယ်။ အရောင်းအ၀ယ်တွေ ဆက် တိုက်ကောင်းလာပြီး ဈေးနှုန်းမြင့်တက်လာတဲ့နေရာမှာ အမှန်တကယ်လိုအပ်ချက်ကြောင့် စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုကြောင့်မဟုတ်ဘဲ ဈေးကစားရောင်းဝယ်မှုတွေကြောင့်ဆိုရင် သေချာပေါက် ပြန်ကျပါ တယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ အိမ်ခြံမြေဈေးကို အချိုးချကြည့်ရင် အိမ်ခြံမြေဈေးက စီးပွားရေးဖွံ့ ဖြိုးမှုထက်မြင့်နေရင် ဒါဟာအမှန်တကယ်ဝယ်လိုအားတွေ မဟုတ်ပါဘူး။ဒါမျိုးတွေဖြစ်ပေါ်လာပြီး နောက် ပိုင်းမှာ ဈေးနှုန်းက ပြန်ကျတာပါပဲ”ဟု မန္တေ0လးမြို့ ထွန်းသစ္စာအိမ်ခြံမြေအကျိုးတော်ဆောင် လုပ်ငန်းမှ ဦးတင်မောင်က မဇ္ဈိမကိုပြောကြားသည်။

၂၀၁၀-၂၀၁၁ ခုနှစ်တွင် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများက မန္တလေးအိမ်ခြံမြေဈေးကွက်သို့ ၀င်ရောက် ကာ အရောင်းအ၀ယ်ဈေးကစားမှုများ ပြုလုပ်ကြခြင်း၊ ကျောက်မျက်ရတနာလုပ်ငန်းများဖြစ်ထွန်းခြင်း ကြောင့် ရတနာကုန်သည်များ အိမ်ခြံမြေလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ကြခြင်းကြောင့် အရောင်း အ၀ယ်ကောင်းမွန်ခဲ့ပြီး ဈေးနှုန်းများမြင့်တက်ခဲ့သည်။ ၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင် အမြင့်ဆုံးဈေးသို့ ရောက်ရှိပြီး တရုတ်နိုင်ငံသားများ ပြန်လည်ထွက်ခွာသွားချိန်တွင် မန္တလေးဒေသခံအများစုတွင် အိမ်ခြံမြေ ကွက်များမှာအမြင့်ဈေးများဖြင့် လက်ဝယ်ကျန်ခဲ့ပြီး အရောင်းအ၀ယ်များ ရပ်ဆိုင်းသွားခြင်းဖြစ်သည်။

“အဲဒီအချိန်က အရောင်းအ၀ယ်က လမ်းဘေးမှာတင် ငွေထုတ်ချအရောင်းအ၀ယ်လုပ်ပြီးဖြစ်ခဲ့ပါတယ်။ အဓိက အရောင်းအ၀ယ်ဖြစ်တာကတော့ မြို့သစ်လူနေကျဲပါးသေးတဲ့ အကွက်တွေဖြစ်ပါတယ်။ အိမ်ခြံ မြေအရောင်းအ၀ယ်မှာ ဈေးကစား၊ ရင်းနှီးမြှုပ်နှံ ၀ယ်ရောင်းလုပ်ကြရာမှာ အဲ့ဒီအကွက်တွေကို အဓိက လုပ်ပါတယ်။ ဈေးနှုန်းအတက်ကြမ်း အကျကြမ်း ဖြစ်တာကလဲ အဲဒီအကွက်တွေပါပဲ။ လူနေ ရပ်ကွက် တွေ၊ မြို့ထဲ၊ မြို့လယ်ခေါင်တွေကတော့ အတက်မကြမ်းဘဲ ဖြည်းဖြည်းတက်ပါတယ်။ အရမ်းလည်း ပြန် မကျပါဘူး။ အခု ထက်ဝက်လောက်ကျနေတာလဲ လူနေကျဲပါးသေးတဲ့ မြို့သစ်ကအကွက်တွေပါ” ဟု အိမ်ခြံမြေအကျိုးတော်ဆောင် တစ်ဦးကဆိုသည်။

မြို့သစ်ဖြစ်သော်လည်း လူနေထိုင်မှု ထူထပ်သည့် မဟာမြိုင်၊ ဏ၊ တ၊ ရဲမွန်တောင် စသည့် ရပ်ကွက်များ တွင် ဈေးနှုန်းမှာ ၂၀၁၁ ဈေးနှုန်းကို မမီသော်လည်း ကျဆင်းသွားခြင်းမရှိပေ။ မဟာမြိုင်တွင် ပေ ၄၀x၆၀ တစ်ကွက်လျှင် ကျပ်သိန်း ၂၂၀၀ နှင့်အထက်၊ ဏ၊ တ အကွက်များတွင် ပေ ၄၀x၆၀ တစ်ကွက်လျှင် ကျပ်သိန်း ၂၅၀၀ နှင့် အထက်၊ ရဲမွန်တောင်တွင်ကြားကွက် ပေ ၄၀x၆၀ တစ်ကွက်လျှင် ကျပ်သိန်း ၁၂၀၀ နှင့်အထက်ဖြစ်သည်။

သို့သော် လူနေထိုင်မှု ကျဲပါးသေးပြီး ရင်းနှီးမြှုပ်နှံရန် ဈေးကစားရောင်းဝယ်ရန် အဓိကပြုလုပ်ကြသည့် မြို့သစ်ကွက်များဖြစ်သည့် လလ၊ ဇဇ၊ ဏဏ၊ ပပ၊ ဘဘ စသည့် အကွက်များတွင် ဈေးနှုန်းမှာ ထက် ၀က်ခန့်ကျဆင်းလျက်ရှိသည်။ လက်ရှိ ပေါက်ဈေးမှာ ပေ ၄၀x၆၀ တစ်ကွက်လျှင် နေရာအနေအထား အလိုက် ကျပ်သိန်း ၂၀၀ နှင့်အထက်ဖြစ်သည်။

“လလမှာ အရင်က ၄၅၀-၅၀၀ ဖြစ်ခဲ့တယ်။ ၃၀၀ လောက်အရောက်မှာ ဈေးကျနေပြီ ၀ယ်သင့်ပြီဆိုပြီး ၀ယ်လိုက်ချိန်မှာ အခုဆို ၂၀၀ လောက်ဖြစ်နေပြီ။ ကိုယ့်လက်က ပြန်ရောင်းဖို့ခက်တယ်။ မြေဈေးကျ မယ် ကျမယ်ဆိုတော့ ၀ယ်တဲ့သူတွေကလည်း မ၀ယ်ရဲတော့ဘူး။ လက်အကူးအပြောင်းနည်းတော့ ဈေး က ဆက်တက်မလာဘဲ ငြိမ်နေပါတယ်” ဟု အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံသူတစ်ဦးကဆိုသည်။

ဈေးနှုန်းများကျဆင်းပြီး အရောင်းအ၀ယ်ငြိမ်သက်နေသည့်နေရာများမှာ လူနေကျဲပါးသေးသည့် မြို့သစ် ကွက်များ ဖြစ်သည်။ လူနေထူထပ်သည့် မြို့သစ်ကွက်များ၊ လူနေရပ်ကွက်များမှာမူ အရောင်းအ၀ယ်မ သွက်သော်လည်း အရောင်းအ၀ယ်နှင့် ဈေးနှုန်းမှာ ပုံမှန်ရပ်တည်လျက်ရှိသည်။

စီးပွားရေးအချက်အချာကျသည့် မြို့လယ်ခေါင်နေရာများတွင်လည်း ဈေးနှုန်းများ မြင့်မားလျက်ပင်ရှိ သည်။ တန်ဖိုးမြင့်မားသဖြင့် အရောင်းအ၀ယ်မှာ ၀ယ်ရောင်းပြုလုပ်ခြင်း၊ ဈေးကစားခြင်းများ ပြုလုပ်၍ မရသဖြင့် စီးပွားရေးလုပ်ငန်းအတွက် အမှန်တကယ်လိုအပ်သူများ၊ နေထိုင်လိုသူများသာ ၀ယ်ယူသဖြင့် အရောင်းအ၀ယ် နှင့် ဈေးနှုန်းမှာ တည်ငြိမ်သည်။ မန္တလေးမြို့လယ်ခေါင်တွင် မြေနေရာအကျယ်အ၀န်း နှင့် အဆောက်အအုံအနေအထားအလိုက် သိန်းထောင်ဂဏန်းမှ သောင်းဂဏန်းအထိရှိသည်။

“မြို့လယ်ခေါင်ကတော့ သူ့ဈေးနဲ့ သူပါပဲ။ ၀ယ်တဲ့သူကလည်း လိုအပ်ချက်အရ ၀ယ်ကြတာပါပဲ။ မြို့သစ် မနော်ဟရီ လမ်းဝန်းကျင်တို့ မြို့လယ်ခေါင်တို့ကတော့ ဈေးမကျပါဘူး။ အဓိကကတော့ နေထိုင်ရုံ သာမ က စီးပွားရေးလုပ်လို့ရတဲ့နေရာတွေမှာ ဈေးမကျပါဘူး” ဟု အိမ်ခြံမြေအကျိုးတော်ဆောင်တစ်ဦးကဆို သည်။

၂၀၁၁ မှာ နိုဝင်ဘာမှ စတင်ငြိမ်သက်သွားသော မန္တလေးအိမ်ခြံမြေဈေးကွက်မှာ ၂၀၁၃ ဇွန်လတွင် အနည်းငယ် ပြန်လည်လှုပ်ရှားလာသော်လည်း စီးပွားရေးဖွံ့ဖြိုးမှုအားနည်းခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များလာရောက်ရန် မျှော်လင့်သော်လည်း လာရောက်မှုနည်းပါးခြင်း၊ အိမ်ခြံမြေရောင်းဝယ်ခွန်များမြင့်မား ခြင်း၊ အိမ်ခြံမြေကွက်များကို စံဈေးနှုန်းများ သတ်မှတ်လိုက်သဖြင့် အခွန်ဆောင်ရန်နှုန်းထားများ မြင့်မား လာခြင်းစသည့် အချက်များကြောင့် အိမ်ခြံမြေဈေးကွက်မှာ ဆက်လက်ငြိမ်သက်လျက်ရှိသည်။

“မန္တလေးမြို့မှာ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်ကစပြီး အိမ်ခြံမြေဈေးနှုန်းတွေကို စံနှုန်းသတ်မှတ်ခဲ့ပါ တယ်။ စံသတ်မှတ်တဲ့ဈေးနှုန်းက ပြင်ပပေါက်ဈေးထက် မြင့်မားတဲ့အတွက် အမှန်တကယ်အမည်ပေါက် အခွန်ဆောင်ပြီး အရောင်းအ၀ယ်လုပ်သူနည်းပါးသွားပါတယ်။ အခွန်ဦးစီးဌာနလည်း အခွန်ငွေရရှိမှုနည်း ပါးပါတယ်။ စံနှုန်းတွေကို ပြန်လည်ပြင်ဆင်ပေးဖို့ အခွန်ဦးစီးဌာနနဲ့ ဘဏ္ဍာအခွန်ဝန်ကြီးနဲ့ သက်ဆိုင်ရာ တွေကို အိမ်ခြံမြေအကျိုးတော်ဆောင်တွေ၊ ရှေ့နေတွေ ပူးပေါင်းတင်ပြထားပါတယ်။ မန္တလေးမြို့မှ အိမ် ခြံမြေ အကျိုးတော်ဆောင်တွေက အချက်အလက်တွေကောက်ယူပြီး ဖေဖော်ဝါရီ ၂ ရက် နောက်ဆုံး ထားပြီး အခွန်ဦးစီးဌာနကို ပြန်လည်ပေးပို့ရမှာဖြစ်ပါမယ်။ ၀န်ကြီးက ပြည်သူ့လွှတ်တော်ကို ပြန်လည် တင်ပြပေးမယ်လို့ ပြောပါတယ်” ဟု ထွန်းသစ္စာ အိမ်ခြံမြေ အကျိုးတော်ဆောင်လုပ်ငန်းမှ ဦးတင်မောင် က ဆိုသည်။

စီးပွားရေးဖွံ့ဖြိုးမှုနည်းသဖြင့် အိမ်ခြံမြေအရောင်းအ၀ယ် ကျဆင်းနေချိန်တွင် ရောင်းဝယ်ခွန် ၃၇ ရာခိုင် နှုန်းပေးဆောင်ရခြင်း၊ စံဈေးနှုန်းသတ်မှတ်မှုများနေခြင်းကလည်း မန္တလေးအိမ်ခြံမြေ အရောင်းအ၀ယ် ကျဆင်းရခြင်းတွင် အကြောင်းတစ်ချက် အပါအ၀င်ဖြစ်သည်။

သို့ရာတွင် အိမ်ခြံမြေဈေးနှုန်းများမှာ အချို့နေရာများတွင် ထက်ဝက်ခန့်ကျဆင်းနေသဖြင့် အကျဆုံး ဈေးနှုန်းအရောက်တွင် ပြန်လည်မြင့်တက်တတ်သည့် ဈေးကွက်သဘောအရ ဈေးနှုန်းနှင့် အရောင်းအ ၀ယ်ကောင်းလေ့ရှိသည့် ဇွန်လတွင် ပြန်လည်ကောင်းမွန်လာနိုင်သည်ဟု အိမ်ခြံမြေလုပ်ငန်းကျွမ်းကျင် သူများက သုံးသပ်သည်။

No comments: