Thursday, January 23, 2014

မင်္ဂလာဒုံ၊ စစ်ဖက်ရေးရေးရာ လုံခြုံရေးတပ်ဆွယ် မီးလောင်မှု ဂိုဒေါင် တာဝန်ခံတပ်ကြပ်ကြီးကို စစ်ဆေးသွားမည်

နန်းမြင့်

မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဈေးရပ်ကွက်၊ ရန်ကုန်-ပြည်လမ်းပေါ်တွင်ရှိသော စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဆွယ် (လေ) အတွင်းရှိ ဆီဂိုဒေါင်မီးလောင်မှုတွင် အမျိုးသား သုံးဦးဒဏ်ရာရရှိခဲ့ပြီး ပစ္စည်း ပျက်ဆီးမှုတန်းဖိုး ကျပ်သိန်း၂၈ဝ ကျော်ဖိုးခန့် ဆုံးရှုံးမှုရှိခဲ့ပြီး ဆီဂိုဒေါင်တာဝန်ခံ တပ်ကြပ်ကြီး တစ်ဦးကို စစ်ခုံရုံးက စစ်ဆေးသွားမည် ဖြစ်သည် ဟု မီးသတ်ဦးစီးဌာနမှ အဆင့်မြင့်အရာရှိသူ တစ်ဦးကပြောသည်။

ဇန်နဝါရီ ၂ဝ ရက်ကလည်း မရမ်းကုန်းမြို့နယ်၊ ၄ ရပ်ကွက်၊ ပြည်လမ်းနှင့် တော်ဝင်လမ်းထောင့်၊ အမှတ် ၄ ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ဆွယ်တွင် ဇန်နဝါရီ ၂ဝ ရက် ည၇နာရီ ၄ဝမိနစ်ခန့်က ဂိုဒေါင်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့သေးသဖြင့် ယခုမီးလောင်မှုသည် စစ်ဖက်ဆိုင်ရာနှင့် ပတ်သက်၍ တစ်ပတ်အတွင်း နှစ်ကြိမ်မြောက်ဖြစ်သည်။

ယင်းမီးလောင်မှုသည် ဇန်နဝါရီ ၂၁ရက် ညနေ ၆ နာရီခန့်က စတင်မီးလောင်မှု ဖြစ်ပွားခဲ့ပြီး စစ်ဖက်ရေးရာ လုံခြုံရေး တပ်ဆွယ်(လေ) ဝင်းအတွင်းရှိ အကျယ်အဝန်း ၂ဝx၂ဝပေ သွပ်မိုး၊ သံဇကာကာ၊ မြေစိုက် ဆီဂိုဒေါင် မီးလောင်မှုကျွမ်းခဲ့သည်။

ယင်း မီးလောင်မှုဖြစ်ပွားရာသို့ သွားရောက်ငြှိမ်းသတ်သည့် လက်ထောက်မီးသတ်ဦးစီးမှူး မျက်နှာမီးဟပ်ခံရခြင်း၊ ဆီဘောက်ဆာ ယာဉ်မောင်း မျက်နှာမီးဟပ်ခံရခြင်းနှင့် ဆီဘောက်ဆာ ယာဉ်နောက်လိုက် မျက်နှာနှင့် ညာလက်မီးဟပ်ခံရ သဖြင့် အင်းစိန်မြို့နယ် ပြည်သူ့ဆေးရုံသို့တင်ပို့ထားသည်။

မီးသတ်ဦးစီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက“မီးလောင်မှုက ဓါတ်ဆီတိုင်ကီကို ကားပေါ်သို့တင်နေတုန်း သမံတလင်းပေါ် ကို ပြုတ်ကျတာကနေ မီးပွားထွက်ပြီး စတင်လောင်တာ”ဟု ဆိုသည်။

မီးလောင်မှုကြောင့် ၂ဝx၂ဝပေသွပ်မိုး၊ သံဇကာကာ မြေစိုက်ဆီဂိုဒေါင်တစ်လုံး၊ ဒီဇယ်တိုင်ကီ ၅ဝလုံး၊ ဓာတ်ဆီတိုင်ကီ ၂ဝလုံး၊ ဆီတိုင်ကီအလွတ် ၅ဝ လုံး၊ နစ်ဆန်းအမျိုးအစား ၁၆ဝဝ ဂါလန်ဆံ့ ဆီဘောက်ဆာတစ်စီး၊ ဆီတိုင်ကီများတင်ဆောင်သော နစ်ဆန်းအမျိုးအစား ၁၂ ဘီးတပ်မော်တော်ယာဉ်နှစ်စီးတို့မှာ အနည်းငယ်မီးလောင်ခံရပြီး ပရာဒို အမျိုးအစားမြေစိုက် အပျက် တစ်စီး၊ မီးလောင်ခံရ၍ စုစုပေါင်းတန်ဖိုးငွေကျပ် သိန်း ၂၈၂ သိန်းဖိုးခန့် ဆုံးရှုံးခဲ့သည်။

မီးလောင်မှုဖြစ်ပွားရာနေရာအနီးတွင် နေထိုင်သူမျက်မြင်တစ်ဦးက“အဲဒီဝင်းက တပ်မတော်(လေ) တပ်ဝန်း၊ ဆီသိုလှောင်တဲ့ ဝင်းတွေ၊ လူတွေတော့ အများကြီးမနေဘူး။ ဆီဘောက်ဆာတွေ၊ ပီပါကန်တွေဝင်းထဲမှာ အများကြီးရှိတယ်”ဟု ပြောသည်။

မီးလောင်မှုဖြစ်ပွားရာသို့ မီးငြှိမ်းသတ်ယာဉ် ၆၂ စီး၊ မိတ်ဖက်ယာဉ် ၇ စီး၊ အထာက်အကူပြုယာဉ် ၁၆ စီး၊ ကွပ်ကဲမှုယာဉ် ၅စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၄ဝ၃ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၂၅၃၄ ဦး၊ မီးငြှိမ်းသတ်ရာ ည၇နာရီ ၄၅ မိနစ်တွင် မီးငြိမ်းသွား သည်။ ယင်းမီးလောင်မှုတွင် ရေဂါလန် ၃ဝ၇,၈၁ဝနှင့် Fome ဆေးရည် ၄ဝ၂ ဂါလန် အသုံးပြုခဲ့သည်။ အဆိုပါ မီးလောင်ကျွမ်းခဲ့မှုကြောင့် မင်္ဂလာဒုံလေဆိပ်သို့ လေယာဉ်ဆင်းသက်မှုများ ခေတ္တဆိုင်းငံ့ခဲ့ပြီး ည ၈ နာရီခန့်တွင် ပြန်လည် ခွင့်ပြုခဲ့သည်။

No comments: