Saturday, January 4, 2014

မည်သည့် မြန်မာနိုင်ငံသားကိုမျှ နိုင်ငံရေးအရ ဦးဆောင်နိုင်ခွင့် ကန့်သတ်ခြင်းမျိုး မရှိလိုဟု သမ္မတဦးသိန်းစိန် ပြောကြား

တင်ဇာအောင်

ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် နိုင်ငံရေးဦးဆောင်မှုဆိုင်ရာ အရည်အချင်းသတ်မှတ်မှု ပြင်ဆင်ရန် မည် သည့်နိုင်ငံသား၊ တိုင်းရင်းသားတစ်ဦးကိုမျှ မြန်မာနိုင်ငံကို နိုင်ငံရေးအရ ဦးဆောင်နိုင်ခွင့်ကို ကန့်သတ် တားမြစ်ခြင်းမျိုး မဖြစ်စေလိုသည့် နိုင်ငံရေးစေတနာ ရှိပါသည်ဟု နိုင်ငံတော်သမ္မတဦးသိန်းစိန်က ဇန်န ၀ါရီ ၂ ရက်က ရေဒီယိုမှတစ်ဆင့် ပြည်သူသို့ ပြောကြားသည့် မိန့်ခွန်းတွင် ပြောဆိုလိုက်သည်။

“မိဘ ပြည်သူများခင်ဗျာ”ဟု အစချီ ပြောကြားထားသည့် သမ္မတ၏ရေဒီယိုမိန့်ခွန်းတွင် ဖွဲ့စည်းပုံပြင်ဆင် ရေးကိစ္စရပ်များနှင့်ပတ်သက်ပြီး ပထမဆုံးပြောဆိုလိုက်ပြီး မြန်မာ့နိုင်ငံရေးတွင် ဖွဲ့စည်းပုံပြင်ဆင်ရေးအ တွက် ရေချိန်မြင့်နေသည့်အချိန်တွင် သမ္မတကိုယ်တိုင် ပြောလိုက်ခြင်းဖြစ်သည်။

အသက်ဝင်သော ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ကို ပိုင်ဆိုင်ရန်အတွက် လူ့အဖွဲ့အစည်း တစ်ရပ်လုံး၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး လိုအပ်ချက်များနှင့် သဟဇာတဖြစ်စေရန် အခြေအနေ အချိန်အခါအလိုက် ပြင်ဆင်ရေးသားရမည်ဆိုသည့်မူကို ဆုပ်ကိုင်ထားသည်ဟုလည်း သမ္မတက မိန့်ခွန်းတွင် ပါရှိသည်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် အဓိကအားဖြင့် အစိတ်အပိုင်း သုံးပိုင်းရှိသည်ဟုလည်း သူက ဆိုလိုက်ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်သက်ဆိုင်ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် လိုအပ်သည့် နိုင်ငံရေး ဆွေးနွေးပွဲများ ဖြစ်ပေါ်လာစေရန် သဘောတူညီချက်များကို လိုအပ်သလို ပြင်ဆင်၊ ပယ်ဖျက်၊ ဖြည့်စွက် ရေးသားရမည်ဟု ဆိုလိုက်သည်။

ဒုတိယအချက်အနေဖြင့်မူ ဒီမိုကရေစီစံနှုန်းများ ပြည့်မီစေရန် ပြင်ဆင်ရမည်ဖြစ်ပြီး တတိယအချက်တွင် နိုင်ငံရေးဦးဆောင်မှုဆိုင်ရာ အရည်အချင်းသတ်မှတ်မှုအတွက် ထည့်သွင်းပြောကြားသွားခြင်း ဖြစ်သည်။ ယင်းသို့ ပြောရာတွင် ၎င်းအနေဖြင့် မြန်မာနိုင်ငံကို နိုင်ငံရေးအရ ဦးဆောင်နိုင်ခွင့်ကို ကန့်သတ်တားမြစ် ခြင်းမျိုး မဖြစ်စေလိုသည့် နိုင်ငံရေးစေတနာရှိပြီး တစ်ဖက်ကလည်း အမျိုးသားအကျိုးစီးပွားနှင့် နိုင်ငံ၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို မထိပါးစေသည့် အကာအကွယ်ပေးနိုင်မည့် အခြေခံမူများရှိ ရန် လိုအပ်သည်ဟုလည်း ပြောဆိုထားသည်။

ယင်းအပြင် သူ၏မိန့်ခွန်းတွင် မြန်မာနိုင်ငံ၏ အဓိကကျသော နိုင်ငံရေးအင်အားစုတစ်ခုဖြစ်သော ဒေါ် အောင်ဆန်းစုကြည် ခေါင်းဆောင်သော NLD အပါအ၀င် နိုင်ငံရေးပါတီများကလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို ဆောင်ရွက်နေခြင်းသည် မိမိတို့ လူ့အဖွဲ့အစည်း၏ နိုင်ငံရေး ရေချိန်မြင့်တက်လာ ခြင်းကို ညွှန်ပြနေသည်ဟုလည်း ဆိုသည်။

လက်ရှိတွင် ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့်ပတ်သက်ပြီး အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ကို ပိတ်ပင်နေသော ပုဒ်မ ၅၉(စ) ကို ပြင်ဆင်မည်၊ မပြင်ဆင်မည်ကို ၀ိဝါဒ ကွဲပြားနေကြ ပြီး ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အာဏာရကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက တင်ပြသည့်အချက်များတွင် သမ္မတ ၏ အရည်အချင်းသတ်မှတ်ချက် ပြင်ဆင်ရာတွင် သား၊ သမီးများသည် မြန်မာနိုင်ငံသား ဖြစ်ရမည်ဟု ပါ ၀င်သည်။

နိုင်ငံရေး လေ့လာသုံးသပ်သူများကလည်း ထိုအချက်ကို ပြင်ဆင်သင့်သည်ဟု ထောက်ပြကြသည်။ သမ္မတနှင့် ဒု-သမ္မတ အရည်အချင်းသတ်မှတ်ချက်များတွင် ပါဝင်သည့် ပုဒ်မ ၅၉ (စ) တွင် ပါဝင်သည့် မိဘ၊ ဇနီး၊ ခင်ပွန်း၊ တရားဝင် သားသမီး တစ်ဦးဦး၊ ယင်းသားသမီးများ၏ ဇနီး၊ ခင်ပွန်းများသည် တိုင်း တစ်ပါး နိုင်ငံသား မဖြစ်စေရဆိုသည့် အချက် ပါဝင်သည်။

No comments: