Wednesday, January 1, 2014

လူငယ်များ၏အခက်အခဲ ဇန်န၀ါရီ စစ်တမ်းကောက်မည်

ယုဝေ

လူငယ်များ၏ အခက်အခဲများ လိုအပ်ချက်များနှင့် ပတ်သက်ပြီး လူငယ်ဗဟိုပြု စစ်တမ်းများကို လာမည့် ဇန်န၀ါရီ ဒုတိယပတ်တွင် စတင်ကောက်ယူသွားမည်ဟု စစ်တမ်းကောက်ယူမည့် မြန်မာနိုင်ငံလူငယ်များ အစည်းအရုံးမှ ဥက္ကဋ္ဌကိုဇွဲရန်နိုင်က မဇ္ဈိမကို ပြောသည်။

“ဇန်န၀ါရီ ဒုတိယပတ်မှာ စကောက်ဖို့ကတော့ သေချာပါတယ်။ တစ်နေ့ကို လူငါးရာလောက်ရအောင် ကောက်သွားမှာပါ”ဟု ပြောသည်။

အဆိုပါစစ်တမ်းတွင် လူငယ်များ၏ ပညာရေးအခြေအနေ၊ အလုပ်အကိုင်အခွင့်အလမ်း၊ နိုင်ငံရေးအပေါ် စိတ်ဝင်စားမှုအတိုင်းအတာ၊ လတ်တလော မိသားစု စားဝတ်နေရေးအခြေအနေ၊ မိမိနေထိုင်ရာဒေသ တွင် ပညာရေး၊ ကျန်းမာရေးအပေါ် အစိုးရမှထောက်ပံ့ပေးမှု လုံလောက်ခြင်းရှိမရှိ၊ မြန်မာ့ရိုးရာယဉ်ကျေး မှုအစရှိသည့် အကြောင်းအရာများ ပါဝင်သော မေးခွန်း ၁၅ ခုခန့် ပါဝင်မည် ဖြစ်သည်။

စစ်တမ်းကောက်ယူပြီးနောက် ရရှိလာသည့် ရလဒ်များကို သမ္မတနှင့်လွှတ်တော်သို့ ပေးပို့သွားမည်ဖြစ် ကာ ယင်းကဲ့သို့ ပေးပို့ရခြင်းမှာ နိုင်ငံတော်မှ လူငယ်များအတွက် ဆုံးဖြတ်ချက်ချရာတွင် လူငယ်များ၏ လိုအပ်ချက်နှင့် ဆန္ဒများကို သိရှိစေလို၍ ဖြစ်သည်ဟုလည်း ကိုဇွဲရန်နိုင်က ဆိုသည်။

ယင်းသို့ စစ်တမ်းကောက်ယူခြင်းနှင့် ပတ်သက်ပြီး အသက်၂၅ နှစ်အရွယ် ကုမ္ပဏီဝန်ထမ်းလုပ်ကိုင်နေ သူ ကိုရန်နိုင်ဝင်းက “ဘွဲ့ရပြီးတဲ့လူငယ်တွေ အလုပ်အကိုင်မဲ့ဖြစ်နေတာကိုလည်း အများကြီးတွေ့နေရပါ တယ်။ အခုကောက်မယ့်စစ်တမ်းက လူငယ်တွေအတွက် အထောက်အကူပြုမယ်ဆိုရင် ကောင်းမှာပါ” ဟု ပြောသည်။

စစ်တမ်းကောက်ယူမည့်ကာလကို တစ်လသတ်မှတ်ထားကာ အသက် ၁၆ နှစ်မှ ၃၅ အောက် (အဓိက အားဖြင့်၂၅ နှစ်အောက်) လူငယ် ၅၀၀၀ခန့်အား စာရင်းကောက်ယူသွားမည်ဖြစ်သည်။ စစ်တမ်းကောက်ယူရာတွင် မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတို့တွင် အဓိကထား ကောက်ယူမည်ဖြစ်ပြီး ယင်းတိုင်း များမှ မြို့နယ်ငါးမြို့နယ်ခန့်ကို ကောက်ယူမည်ဖြစ်သည်။

No comments: