Saturday, January 4, 2014

ဆုတ်ခွာခဲ့သော စခန်းများသို့ အစိုးရ တပ်များ ပြန်လည် ၀င်ရောက်လှုပ်ရှား

KNG

ကချင်ပြည်တောင်ပိုင်းဒေသ တပ်စခန်းများမှ ဆုတ်ခွာသွားသော မြန်မာစစ်တပ်ဖွဲ့များ ပြန်လည်လှုပ်ရှားလာသဖြင့် ရွာသားများ ပြန်လည် ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။

ဒီဇင်ဘာ ၂၈ ရက် ညက ဗန်းမော်ခရိုင် မန်စီမြို့နယ် ကျေးရွာ တချို့တွင် တပ်စွဲရာမှ ပြန်လည် ရုတ်သိမ်းသွားခဲ့ပြီး သုံးရက်အကြာတွင် အစိုးရတပ်များ ပြန်လည် ရောက်ရှိလာကြသဖြင့် မုန်းဒိန်ပါရွာ (Mung Ding Pa) နှင့် နမ့်လင်းပါရွာ (Nam Lim Pa) များမှ ရွာသားများ ထွက်ပြေးရခြင်းဖြစ်သည်။

အစိုးရ တပ်များ ရုတ်သိမ်းသွားသဖြင့် ရွာသားတချို့ အိမ်ပြန်သွားခဲ့ကြခြင်းဖြစ်ကြောင်း မိုင်းခေါင်အသင်းတော် အတွင်းရေးမှူး ဆရာ ဒမောင်နော်မိုင် (Sara Damau Naw Mai) က KNG ကချင်သတင်းဌာန ကို ပြောပြသည်။

“အိမ်ထောင်စုတစ်စုကနေ ၁ ယောက် ပြန်ကြတာဟုတ်တယ် မုန်းဒိန်ပါရွာ၊ နမ်လင်းပါရွာသို့ ပြန်ကြတာ တစ်ခါထဲ အစိုးရတပ်နဲ့ ပြန်တိုးတော့ ရွာသားတွေက အရမ်းကြောက်နေကြတယ် အစိုးရတပ်က ဆက်ပြီးနမ်လင်းပါရွာ မှာလည်း ဝင်လာနိုင်တယ် ဒုက္ခသည်စခန်းများမှလည်း အရမ်းစိုးရိမ်နေရတယ်”
အိမ်ပြန်သွားသောရွာသားများသည် ဗန်းမော်စစ်ပြေးဒုက္ခသည်စခန်းနှင့် မိုင်းခေါင်စစ်ပြေးဒုက္ခသည် စခန်းများ မှဖြစ်ကြသည်။

ယခုချိန်ရွာသား ၈ ဦးခန့်သာ မိုင်းခေါင်စစ်ပြေးဒုက္ခသည်စခန်းသို့ ပြန်လည်ထွက်ပြေးတိမ်းရှောင်လာပြီး ရွာသား ၅၀ ကျော်သည် ရွာတွင်းနှင့် လယ်ယာများ တောတောင်များတွင် ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

အစိုးရတပ်စစ်ကြောင်းသည် မုန်းဒိန်ပါရွာသို့ စစ်ကြောင်း ၂ ကြောင်း စစ်အင်အား ၃၀၀ ကျော်ဖြင့် တိုးချဲ့လှုပ်ရှားလာခဲ့ခြင်း ဖြစ်သည်။

No comments: