Tuesday, January 14, 2014

စည်ပင်ဝန်ထမ်းများ ပျံကျဈေးသည်များကို အမှုဖွင့်တိုင်တန်း

အေးမြင့်စန်း

မြန်မာနိုင်ငံတွင် အကြီးဆုံး ကုန်စိမ်းဈေးကြီးဖြစ်သော ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်းမကြီး ပေါ်တွင်ရှိ သီရိမင်္ဂလာဈေးသစ် (ပိတောက်ချောင်းဈေး)တွင် ပျံကျဈေးသည်များနှင့် စည်ပင်ဝန်ထမ်းများ နှစ်ရက်ဆက်တိုက် ပဋိပက္ခဖြစ်ပွားခဲ့မှုတွင် စည်ပင်ဝန်ထမ်းများဘက်က အမှုလေးမှု လာရောက်ဖွင့်ထား သည်ဟု ပိတောက်ချောင်းရဲစခန်းမှ တာဝန်ကျရဲတပ်ကြပ်ဝင်းမောင်က မဇ္ဈိမကို ဇန်န၀ါရီ ၁၂ တွင် ပြောသည်။

ပျံကျဈေးသည်ရှင်းလင်းရေး စီမံချက်ကာလအတွင်း ဇန်န၀ါရီ ၇ ရက်မှ ၉ ရက်အထိ စည်ပင်နှင့် ဈေး သည်များ ပဋိပက္ခဖြစ်ပွားမှုအတွက် ပြည်သူပိုင်ပစ္စည်းများပျက်စီးခြင်း၊ ဌာနဆိုင်ရာဝန်ထမ်းများကို နာ ကျင်စေခြင်း ပုဒ်မများဖြင့် အမှုလေးမှု ဖွင့်ထားခြင်းဖြစ်သည်။

တာဝန်ကျရဲတပ်ကြပ် ၀င်းမောင်က “စည်ပင်ပိုင်ဈေးကို ကျုးကျော်ရောင်းချလို့ စည်ပင်ဘက်က ပျံကျ ဈေးသည် ရှင်းလင်းရေးကာလမှာ ဖြစ်ပွားတာပါ။ စည်ပင်က အမှုလာဖွင့်လို့ ကျွန်တော်တို့ဘက်က စုံစမ်း နေရတာပါ။ ခုထိ စုံစမ်းနေဆဲဖြစ်ပါတယ်။ စည်ပင်နဲ့ ပျံကျဈေးသည် ပဋိပက္ခဖြစ်လို့ ရဲအင်အား တိုးမြှင့် ထားတာမရှိပါဘူး။ နယ်မြေရဲတပ်ဖွဲ့ကတော့ ပုံမှန်ရှိပါတယ်”ဟု ပြောသည်။

ဈေးမျက်နှာစာရှိ ကားရပ်နားရန်နေရာများတွင် ပျံကျဈေးသည်များ ဈေးမရောင်းရန် ဈေးတာဝန်ခံရုံးက ဇန်န၀ါရီ ၃ ရက်က ထုတ်ပြန်ထားသော်လည်း ဆက်လက်ရောင်းချနေသောကြောင့် ရှင်းလင်းရာမှ ယင်း ကဲ့သို့ ပဋိပက္ခများ ဖြစ်ပွားရခြင်းဖြစ်သည်။

သီရိမင်္ဂလာဈေးသစ် အ၀င်ဝ၌ ပျံကျဈေးသည်များကို ရှင်းလင်းသည့် ဇန်န၀ါရီ ၇ ရက်၊ ည ၁၂ နာရီတွင် ပျံကျဈေးသည်များဘက်က လူအုပ်စု ၁၅၀ ခန့်က တုတ်ခဲများဖြင့် ပစ်ပေါက်မှုကြောင့် စည်ပင်ဝန်ထမ်း ခု နစ်ဦး ဒဏ်ရာရခြင်း၊ စည်ပင်ဌာနပိုင်သည့် ကားလေကာမှန်ကွဲခြင်း၊ ဇန်န၀ါရီ ၈ ရက်တွင် ပျံကျရှင်းလင်း ရာတွင် လေးခွနှင့်ပစ်သည့်အတွက် ၀န်ထမ်းတစ်ဦး ဒဏ်ရာရရှိခြင်း၊ စည်ပင်ပိုင်ကား မီးသီးနှစ်လုံးကွဲ၊ ရှေ့လေကာမှန် နောက်ကြည့်မှန်ကွဲခြင်းများအတွက် ပိတောက်ချောင်းရဲစခန်းတွင် စည်ပင်ဘက်မှ အမှု လေးမှုဖွင့်ထားခြင်း ဖြစ်သည်။

ယင်းဖြစ်ရပ်နှင့်ပတ်သက်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာနမှ ဌာနမှူးဦးစံ ရွှေထွန်းက“ဥပဒေအတိုင်းပဲ ဆောင်ရွက်နေတာ၊ ပျံကျဈေးသည်တွေကို နေရာထပ်မံချထားပေးဖို့ မရှိ ဘူး။ အရင်က ပေးထားပြီးသားဖြစ်ပါတယ်။ ရောင်းချင်တဲ့နေရာရောင်းလို့ ပျံကျဈေးသည် ရှင်းလင်းရတာ ပါ”ဟု မဇ္ဈိမကို ပြောသည်။ ပိတောက်ချောင်းဈေး၌ ဈေးသည်ရှင်းလင်းရေး စီမံချက်များကြောင့် ပျံကျ ဈေးသည်အချို့ ဈေးရောင်းချနိုင်ခြင်းမရှိဟု ယင်းဈေးရှိ ဈေးသည်တစ်ဦးက ပြောသည်။

သီရိမင်္ဂလာဈေးသစ်မှာ မြန်မာနိုင်ငံ၏ အကြီးဆုံး ကုန်စိမ်းလက်ကားဈေးကြီးဖြစ်ပြီး ဈေးရုံပေါင်း ကိုးရုံ၊ တရားဝင် ဆိုင်ခန်းပေါင်း ၂,၀၁၇ ခန်း ရှိသည်။

No comments: