Friday, January 10, 2014

မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၁၅ နှစ်အရွယ် လူငယ်တစ်ဦး ဖမ်းမိ

ဇော်ဇော်ထွေး

မင်္ဂလာဒုံမြို့နယ်တွင် မူးယစ်ဆေးဝါးရောင်းဝယ်မှု ပြုလုပ်နေသည့် ကလေးငယ်တစ်ဦးကို ဇန်န၀ါရီ ၆ ရက် နေ့လယ်က ဖမ်းဆီးရမိခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

ထောက်ကြန့်နယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက မူးယစ်ဆေးဝါးသတင်းအရ တောင်ပိုင်းရပ်ကွက်၊ သပြေလမ်းပေါ် ဆိုင်ကယ်ရပ်ပြီး ထိုင်နေသည့် အသက် (၁၅)နှစ်အရွယ် လူငယ်တစ်ဦးကို ရှာဖွေ စစ် ဆေးခဲ့ခြင်းလည်း ဖြစ်သည်။

ထို့ကြောင့် အဆိုပါ လူငယ်၏ ပုဆိုးခါးပုံစအတွင်း ကျပ်၂၀၀ တန် ငွေစက္ကူ နှစ်ရွက်ထပ်၍ ထုပ်ထားပြီး ပလတ်စတစ်အိတ်ဖြင့် ထည့်ထားသည့် ငွေကျပ်ရှစ်သောင်းတန်ဖိုးရှိ WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြားရှစ်ပြားကို ဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် အဆိုပါ လူငယ်ထံမှ ဖုန်းတစ်လုံးကိုပါ ထပ်မံတွေ့ရှိခဲ့ပြီး အသက် (၃၀)နှစ်အရွယ် အစ်ကိုဝမ်းကွဲ တော်စပ်သူက ရောင်းချခိုင်းကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။

ထို့နောက် ကွင်းဆက် တရားခံဟု ယူဆထားသော အစ်ကိုဝမ်းကွဲ တော်စပ်သူ၏ နေအိမ်သို့ သွား ရောက်ရှာဖွေခဲ့ရာ နေအိမ်တွင်ပင် ဖမ်းဆီးရမိသည့်အပြင် သေတ္တာပေါ်တွင် တင်ထားသော မိန်းမကိုင် လက်ဆွဲအိတ်အတွင်းမှ တန်ဖိုး ကျပ် ၃၅,၀၀၀ ရှိ WY ဆေးပြား ခုနစ်ပြားကို ဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် ဧည့်ခန်းစားပွဲခုံပေါ်တွင်လည်း စိတ်ကြွဆေးပြားသုံးဆွဲသည့် ဆက်စပ်ပစ္စည်းများ၊ ဖုန်းတစ်လုံး၊ ယာယီအိမ်ထောင်စုမှတ်တမ်းနှင့် မှတ်ပုံတင်ကတ်တစ်ခုအပြင် ငွေစက္ကူကျပ် ၂၅၂,၅၀၀ တို့ကိုပါ ဖမ်းဆီးရမိခဲ့သည်။

၎င်းတို့နှစ်ဦးကို အရေးယူရန် ထောက်ကြန့်နယ်မြေ ရဲစခန်းက (ပ)၁/ ၂၀၁၄ဖြင့် အမှုဖွင့်ပြီး မူးယစ် ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆(ဂ)/၂၀(က) /၂၁ တို့ဖြင့် တရားစွဲတင်ရန် ရဲစခန်းက ဖမ်းဆီး စစ်ဆေးနေသည်ဟု ဆိုသည်။

No comments: