Wednesday, January 1, 2014

ကချင်ပြည်နယ် တောင်ပိုင်းမှ အစိုးရ တပ်အချို့ ပြန်လည် ဆုတ်ခွာ

KNG

ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်း မြန်မာအစိုးရ တပ်စခန်းတခု ဆုတ်ခွာပေးသဖြင့် ရွာသားအချို့ မူလ ကျေးရွာများသို့ ပြန်လည် နေထိုင်နိုင်ပြီဖြစ်သည်။

ဗန်းမော်ခရိုင် လွယ်ဂျယ်မြို့နယ် တရုတ်နယ်စပ်ရှိ မုဘွမ် (Mu Bum) တပ် စခန်းမှ အစိုးရ တပ်များ ဒီဇင်ဘာလ ၂၇ ရက်သောကြာနေ့က ဆုတ်ခွာခဲ့ခြင်း ဖြစ်သည်။

၎င်း မုဘွမ် တောင်စခန်းရှိ ခလရ ၁၂၁ ဒုတပ်ရင်းမှူး ဗိုလ်မှူးနိုင်ထက်ကျော် ဦးဆောင် တပ်သား ၄၀ အား ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့မှ ကား ၃ စင်းဖြင့် ကြိုခဲ့သည်ဟု PCG ငြိမ်းချမ်းရေး အကျိုးတော်ဆောင် လမိုင်ဂွမ်ဂျာက KNG ကချင်သတင်းဌာနသို့ ပြောသည်။

“နှစ်ဖက်တပ်ကနေ ယုံကြည်မှုတည်ဆောက်ပြီး တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေနဲ့ ကြားက PCG ကနေသွားကြိုခဲ့ချိန်မှာ ရှောရှောရှူရှူ အေးအေးဆဲဆဲပဲ ဟုတ်တယ်။ နောက်မှာလည်း ဖြည်းဖြည်းခြင်း ဆုတ်လာဖို့ အလားအလာရှိတယ်”
ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့သည် မုဘွမ်စခန်းတောင်ခြေထိ ခြေကျင်ဖြင့်သွားကာ ကားဖြင့် လွယ်ဂျယ် တပ်ရင်းစခန်းသို့ ပို့ခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ အစိုးရတပ်များ ငြိမ်းချမ်းစွာ တပ်နောက်ဆုတ်လိုက်ခြင်းအားဖြင့် ၎င်းစစ်တပ်အနီးရှိကျေးရွာ ခိုင်ဘန်၊ ခင်ဒင် ရွာသား များသည် မိမိရွာတို့ ပြန်လာထိုင်နေပြီဖြစ်ကြောင်းသိရသည်။

KIO နှင့် နိုင်ငံတော်အစိုးရကြား ညှိနှိုင်းဆွေးနွေးမှု သဘောတူညီအချက်တွင် အပစ်အခတ်ရပ်စဲခြင်းမဟုတ် သော်လည်း စစ်ရှိန်လျော့ရန် တဖြည်းဖြည်းပပျောက်အောင်လုပ်မည်ဟူသော အချက်တွင်တဦးနှင့်တဦး ယုံကြည်မှုတည်ဆောက်ခြင်းအားဖြင့် ၎င်းစခန်းအား တပ်ဆုတ်ခြင်းဖြစ်ကြောင်းသိရသည်။

မြန်မာတပ်များ ဆုတ်ခွာသွားသော်လည်း ၎င်း မုဘွမ်စခန်းတွင် KIA တပ်ဖွဲ့များ ပြန်လည်နေထိုင်ခြင်း မရှိသေး ကြောင်းသိရသည်။

၂၀၁၁ ခုနှစ် အောက်တိုဘာ ၂၈ ရက်တွင် လွယ်ဂျယ် မြို့နယ်ခွဲ မုဘွမ် (Mu Bum) စခန်းမှ တရုတ်နယ်စပ်အနီး ခိုင်ဘန်ရွာမှ ကချင်အမျိုးသမီး အသက် ၂၈ နှစ်ရှိပြီး အသက် ၁၄ လ အရွယ် နို့စို့သမီးတစ်ဦး၏ မိခင် ဆွမ်လွတ်ရွယ်ဂျား (Sumlut Roi Ja) အား လိင်ကျွန်အဖြစ် စေခိုင်းသတ်ဖြတ်ခဲ့သည်ဟု လူ့အခွင့်အရေး အစီရင်ခံစာများတွင် စွပ်စွဲခံရသော စခန်းလည်းဖြစ်သည်။

ထို့ပြင်စစ်မက်ဖြစ်ပွားနေသော မန်စီမြို့နယ် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၃) တပ်ရင်း ၁၂ ဒေသရှိ အစိုးရတပ်များ တပ်စွဲထားသော မုန်ဒိန်ပါရွာ၊ နမ်လင်းပါ၊ နမ်ဖူ၊ မခေါ်ယန်၊ ဆဂနမ်ခွမ်ရွာများမှ အစိုးရ တပ်များသည် ဒီဇင်ဘာလ ၂၈ ရက် စနေနေ့ညတွင် တပ်ဆုတ်သွားကြောင်း တပ်ရင်း ၁၂ ဗိုလ်မှူး ဂျွန်းအောင် KNG ကချင်သတင်းဌာန သို့ပြောသည်။

“ရွာအတွင်းကနေတော့ ဆုပ်ထားကြပြီ မရှိတော့ဘူး ဒါမဲ့သူတို့ဘက်က ဘယ်လိုဖြစ်လာမလဲတော့ မသိသေးဘူး ကျနော်တို့နယ်မြေ အတွင်းမှာရှိနေသေးတဲ့တွက် တိုက်ပွဲကဖြစ်လာနိုင်သေးတယ်”
၎င်းရွာများမှ အစိုးရတပ်များသည် စခက ၂၁ အောက်မှ တပ်များဖြစ်ပြီး စစ်အင်အား ၁၀၀၀ ကျော်သည် ၂၈ ရက် စနေနေ့ညတွင် တံတား၊ မန်တာ၊ မဘိန်းလမ်းဘက်သို့ တပ်ဆုတ်သွားခြင်းဖြစ်ကြောင်းသိရသည်။

No comments: