Friday, January 3, 2014

မလေးရှားရောက် မြန်မာလုပ်သားများအကြား သဘောထားကွဲလွဲမှုများရှိနေ

အောင်သူရထွန်း

မြန်မာလုပ်သား ၉၈ ဦးတွင် ၂၁ ဦးက အမိမြေသို့ ပြန်လာမည်

မလေးရှားနိုင်ငံ ဆာရာဝပ်ဒေသတွင် အင်ဒိုနီးရှားလုပ်သားများ အုပ်စုဖွဲ့ အနိုင်ကျင့်မှုကြောင့်ဟုဆိုကာ ဒုက္ခကြုံနေသော မြန်မာအလုပ်သမားများအကြား သဘောထားကွဲလွဲမှု သုံးမျိုးရှိနေကြောင်း အလုပ်သ မားဝန်ကြီးဌာန၊ အလုပ်သမားဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က မဇ္ဈိမကို ပြောသည်။

“ဒီကိစ္စအတွက် ကျွန်တော်တို့ဆီကအဖွဲ့နဲ့ မလေးရှားအလုပ်ရှင်တို့ ဒီဇင်ဘာ ၃၀ ရက်မှာ စတင်ညှိနှိုင်း နေပါတယ်၊ ဒီဇင်ဘာ ၃၁ ရက်နဲ့ ဇန်န၀ါရီ ၁ ရက်က အလုပ်ပိတ်ရက်တွေ ဖြစ်နေတယ်၊ ဇန်န၀ါရီ ၂ ရက် တော့ ဆက်လက်ညှိနိုင်းမယ်၊ မြန်မာလုပ်သား ၉၈ ယောက်ထဲမှာ ၂၁ ယောက်က မဖြစ်မနေပြန်မယ်၊ ကိုးယောက်ကတော့ အလုပ်ဆက်လုပ်ချင်တယ်၊ ကျန်တဲ့ ၆၈ ယောက်ကတော့ သူတို့အပေါ် အလုပ်ရှင် အနေနဲ့ ဘယ်လိုကာကွယ်စောင့်ရှောက်မှုပေးမလဲဆိုတာ ဆွေးနွေးနေတယ်၊ စာချုပ်သက်တမ်းကလဲ ကျန်နေသေးတယ်”ဟု ညွှန်ကြားရေးမှူးချုပ်က ပြောသည်။

အင်ဒိုနီးရှားအလုပ်သမားများနှင့် မြန်မာအလုပ်သမားများ ပဋိပက္ခဖြစ်ပွားရာဒေသ ဆာရာဝပ်ဒေသသည် မလေးရှားနိုင်ငံတွင် အလွန်ဝေးလံသော ဒေသဖြစ်ခြင်းကြောင့် ဒေသဆိုင်ရာ အာဏာပိုင်များ၏ အုပ်ချုပ်ရေးခက်ခဲသော နေရာဒေသဖြစ်ကြောင်း သိရှိရသည်။ သင်္ဘောကျင်းလုပ်ငန်းများတွင် မြန်မာအလုပ်သ မားနှင့် အင်ဒိုအလုပ်သမား အများဆုံးရှိသည်။

၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်တွင် မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် အင်ဒိုနီးရှားနိုင်ငံသားများနှင့် မြန်မာနိုင်ငံသားအချို့ ခိုက်ရန်ဖြစ်ပွားခဲ့ကြသည်။ ထိုသို့ခိုက်ရန်ဖြစ်ပွားရာတွင် ပါဝင်ခဲ့သည့် မြန်မာနိုင်ငံသား ၉၈ ဦးရှိပြီး ထိုအလုပ်သမားများအကြား မြန်မာနိုင်ငံသို့ ပြန်လိုသူများ၊ မလေးရှားနိုင်ငံ တွင် ဆက်လက်နေထိုင် အလုပ်လုပ်မည့်သူများနှင့် အလုပ်ရှင်၏ အလုပ်သမားအခွင့်အရေးများနှင့်ပတ် သက်ပြီး စောင့်ကြည့်မည့်သူများဟူ၍ သုံးမျိုးကွဲပြားနေကြောင်း၊ ဒီဇင်ဘာ ၂၉ ရက်တွင် မလေးရှားနိုင်ငံ ဆာရာဝပ်ပြည်နယ် (ဘရူးနိုင်းနယ်စပ် အရှေ့မလေးရှား)တွင် မလေးရှားနိုင်ငံ မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိ ဦးစိုးဝင်း၊ မြန်မာလုပ်သားရှာဖွေရေး အေဂျင်စီများနှင့် MOFAF မှ တာဝန်ရှိသူများက မြန်မာ နိုင်ငံသားလုပ်သားများနှင့် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့သည်။

No comments: