Friday, January 10, 2014

မန္တလေးခရိုင်အတွင်း ရဲအင်အားလိုအပ်ချက်ရှိသော်လည်း တိုးချဲ့ရန်မရှိ

မျိုးသန့်

လူဦးရေ ၁၃ သိန်းကျော်နေထိုင်သည့် မန္တလေးခရိုင်အတွင်းရှိ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက် ရန် ရဲတပ်ဖွဲ့အင်အား ၁,၀၀၀ ကျော်သာရှိပြီး လိုအပ်ချက်ရှိနေသော်လည်း ၂၀၁၄ ခုနှစ်အတွင်း ရဲအင် အား ထပ်မံတိုးချဲ့ရန် မရှိသေးဟု မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး စိန်ထွန်းက မဇ္ဈိမသို့ ပြောသည်။

“လိုအပ်ချက်တွေရှိပေမယ့် ထပ်မံပြီး အင်အားတိုးချဲ့ဖို့ မရှိသေးပါဘူး”ဟု ပြောသည်။ ရဲတပ်ဖွဲ့သို့ ၀င် ရောက်လိုသူများအတွက်လည်း အရည်အချင်းသတ်မှတ်ချက်များကို လျှော့ချထားသည်ဟုလည်း သူက ဆိုသည်။

“ရဲတပ်ဖွဲ့ထဲကို ၀င်ဖို့အတွက် ပညာအရည်အချင်းကို ယခင် ၁၀ တန်း အနိမ့်ဆုံး သတ်မှတ်ထားရာက အဋ္ဌမတန်း၊ အရပ်အမောင်းကို ၅ ပေ ၆ လက်မအစား ၅ ပေ ၂ လက်မ စသည့်ဖြင့် လျှော့ချခေါ်ယူမှုတွေ လုပ်နေတာတော့ ရှိပါတယ်”ဟု ပြောသည်။

ခရိုင်အတွင်း ရဲအင်အား ၁၀၀၀ ကျော်သာရှိသည့်အတွက် စုစုပေါင်းလူဦးရေ ၁၃ သိန်းကျော်နှင့် နှိုင်းယှဉ် အချိုးချကြည့်ပါက ရဲတပ်ဖွဲ့ဝင်တစ်ဦးအတွက် ပြည်သူ ၁,၂၀၀ ဦးကျရှိနေပြီး လုံလောက်မှု မရှိသေးပေ။

“လုံခြုံရေးအင်အား မတိုးချဲ့ပေမယ့် လူငယ်တွေအကြား မူးယစ်ဆေးဝါး၊ ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်း စတာတွေနဲ့ပက်သတ်ပြီး အသိပညာပေးဟောပြောမှုတွေ လုပ်ဆောင်သွားမယ်။ မုဒိမ်းမှုတွေဖြစ် ပွားမှု ကျဆင်းအောင်လည်း သက်ဆိုင်ရာနယ်မြေမှာရှိတဲ့ မိဘ၊ အုပ်ထိန်းသူတွေကို အသိပေးဟောပြော မှုတွေကို လုပ်ဆောင်သွားမှာဖြစ်ပါတယ်””ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။

ထို့အပြင် မန္တလေးမြို့တွင် ဆိုင်ကယ်များဖြင့် ပစ္စည်းလုယက်မှုများဖြစ်ပွားမှုနှုန်း မြင့်တက်လာသော ကြောင့် ဆိုင်ကယ်စီးသူများအား လက်ကိုင်အိတ်များကို ဆိုင်ကယ်လက်ကိုင်နှင့်ခြင်းတွင် ချိတ်ဆွဲထည့် သွင်းခြင်းနှင့် လူပြတ်လပ်သောနေရာများတွင် သွားလာရာတွင် သတိထားသွားလာရန် အသိပေးမှုများ ကို လုပ်ဆောင်သွားမည်ဖြစ်သည်။

မန္တလေးခရိုင်အတွင်း ၂၀၁၂ ခုနှစ်တွင် ဆိုင်ကယ်ခိုးမှု-၄၃ မှု၊ ဆွဲကြိုးဖြတ်ပြေးမှု-၅ ၃မှု၊ အမှုသေး-၁၆၇မှု ဖြစ်ပွားခဲ့ကာ ၂၀၁၃ ခုနှစ်တွင် ဆိုင်ကယ်ခိုးမှု- ၁၄၇ မှု၊ ဆွဲကြိုးဖြတ်ပြေးမှု-၆၃မှု၊ အမှုသေး ၂၁၅ ဖြစ်ပွား ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

No comments: