Saturday, January 11, 2014

ကချင်အမျိုးသား အလံကိုင်ဆောင်၍ ကချင်ပြည်နယ်နေ့ အခန်းအနား ကျင်းပ

KNG

ယနေ့ကျရောက်သည့် ၆၆ ကြိမ်မြောက် ကချင်ပြည်နယ်နေ့ကို မြစ်ကြီးနားမြို့ စီတာပူ မနောကွင်းတွင် ကချင်အမျိုးသား အလံကို ကိုင်ဆောင်၍ ကချင်အမျိုးသားများက လက်တွဲ ဆုတောင်းကာ ကျင်းပခဲ့ကြသည်။

“ဒီကနေ့ ဘုရားသခင်ပေးထားတဲ့ ကချင်ပြည်နယ် Kachin State ကို ပိုမိုတာဝန်ယူ ကြည့်ရှုတတ်သူများဖြစ်ဖို့ သက်သေကောင်းများဖြစ်ဖို့ ဒီမှာနေထိုင်ပြီး ပိုမိုပြီးတော့ ကချင်အမျိုးသားများအားလုံး ကချင်ပြည်သူများ ပြည်နယ်သားများအားလုံး ပိုမိုဖွံ့ဖြိုးတိုးတက်လာဖို့ ဆုတောင်းတယ်” ဟု ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) လူငယ်တာဝန်ခံ ဆရာတန်ဂွန်း KNG ကချင်သတင်းဌာန သို့ပြောသည်။

ယနေ့နံနက် ၁၀ နာရီချိန်တွင် မြစ်ကြီးနားမြို့ နှစ်ခြင်းခရစ်ယာန် သာသနာကျောင်းဝင်တွင် ဦးစွာ ဆုတောင်းပြီး နောက် ဆိုင်ကယ်များ ကားများဖြင့် မြစ်ကြီးနား စီတာပူမနောကွင်းသို့ သွားကာ ကချင်အမျိုးသား အလံအား ကိုင်ပြီး ကချင်အမျိုးသားသီးချင်းများ သီဆိုခြင်းနှင့် ကချင်အမျိုးသားများအားလုံး လက်တွဲပြီး ဆုတောင်းခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

မြစ်ကြီးနားမြို့ ကချင်လူမှုအဖွဲ့အစည်းမှ ဦးဆောင်ကာ မြစ်ကြီးနားမြို့ ဝိုင်းမော်မြို့များမှ ရပ်မိ၊ ရပ်ဖများ၊ အသင်းတော် ဂိုဏ်းပေါင်းစုံများမှ လူငယ်များ၊ ဆရာများ သက္ကသိုလ်ကျောင်းသားများ၊ အသင်းတော်လူငယ်များ ပါဝင်ကာ စုပေါင်း ၅၀၀ ကျော် အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် သန်းခေါင်စာရင်းတွင် ကချင်အမျိုးသားများအနေဖြင့် တညီတညွတ်တည်း ‘ကချင်လူမျိုး အဖြစ်’ ဖြည့်စွက်ကြရန်လည်း ဆွေးနွေးတိုင်ပင်ခဲ့ကြကြောင်း အခန်းအနား တက်ရောက်သူများက ပြောသည်။

ယခင်နှစ်များက ကချင်ပြည်နယ်နေ့များတွင် မနောကများ အစီအစဉ်များကို အာဏာပိုင်များက ဦးဆောင်ကျင်းပခဲ့သော်လည်း ယခုနှစ်တွင်မူ ကချင်အမျိုးသားများက မိမိတို့ အစီအစဉ်ဖြင့်သာ ကျင်းပခဲ့ကြရသည်။

မြစ်ကြီးနား စီတာပူမနောကွင်းတွင် အစီအစဉ်များကို ၁ နာရီကျော်ကြာပြုလုပ် ကျင်းပသော်လည်း အာဏာပိုင် များက တားဆီးကန့်ကွက်ခြင်း မရှိကြောင်း သိရသည်။

No comments: