Friday, January 10, 2014

အခြေခံဥပဒေပြင်ရေး တပ်မတော်အနေဖြင့် သတ်္တိရှိရှိ ရင်ဆိုင်စေချင်ဟု ဒေါ်စုပြော

စုမြတ်ဝေ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အတွက် တာဝန်ရှိသောပုဂ်္ဂိုလ်များထဲတွင် အရေးကြီးဆုံးသည် တပ်မတော်ဖြစ်သည့်အတွက် ၎င်းတို့အနေဖြင့် ဖွဲ့စည်းပုံပြင်ရေး သတ်္တိရှိရှိ ရင်ဆိုင် စေချင်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဟားခါးမြို့ လူထုတွေ့ဆုံပွဲတွင် ပြောလိုက်သည်။

ဇန်န၀ါရီ ၉ ရက်တွင် ချင်းပြည်နယ် ဟားခါးမြို့ ၀မ္မသူးမောင်အားကစားကွင်း၌ ပြုလုပ်သော လူထုတွေ့ ဆုံဟောပြောပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်သူ အတိုက်အခံခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်က အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

“တပ်မတော်လုပ်ပြီးတော့ သတ်္တိမရှိရင် ဒီနိုင်ငံကို ဘယ်လိုလုပ် ကာကွယ်မှာလဲ။ သတ္တိဆိုတာဟာ အမျိုး မျိုးပါ။ စစ်မြေပြင်မှာ တိုက်ရဲတဲ့သတ္တိဆိုတာလဲ တန်ဖိုးထားရမယ့် သတ်္တိပါ။ သို့သော်ငြားလဲ နောက်ဆုံး ကျတော့ တိုက်ရဲခိုက်ရဲတဲ့ သတ္တိတွေရဲ့ အားလုံးအထက်မှာရှိတဲ့ သတ္တိဟာ စိတ်ဓာတ်အင်အား သတ်္တိပဲ ဖြစ်ပါတယ်။ မှန်ကန်တဲ့အရာကို လုပ်ရဲတဲ့သတ္တိထက် ကြီးတဲ့သတ္တိ မရှိပါဘူးလို့ ကျွန်မပြောပါရစေ”ဟု ၎င်းက ဆိုသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တပ်မတော်နှင့် ပြည်သူလူထုကို အဆင်ပြေစေချင်ပြီး အဓိက အဆင်ပြေစေချင်သောအကြောင်းက နိုင်ငံအတွက်ဟု ဆိုသည်။

“ပြည်သူအများစုက ပြင်ချင်တယ်။ ပြင်ချင်တဲ့အကြောင်းရင်းကလဲ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်မှသာလျှင် တကယ့်ကိုစစ်မှန်တဲ့ ဒီမိုကရေစီပြည်ထောင်စု ထူထောင်နေဖို့ဖြစ်တယ်ဆိုရင် တပ်မတော်အနေနဲ့ သတ်္တိ ရှိရှိနဲ့ ပြင်သင့်တဲ့ကိစ္စတွေကို ပြင်ရမယ်လို့ ကျွန်မ ဒီတိုင်းပဲ ယုံကြည်ပါတယ်”ဟု ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲ တရားမျှတရန် ၂၀၁၄ အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲရန် လို အပ်ပြီး ၂၀၁၄ ခုနှစ်သည် အရေးအကြီးဆုံးနှစ်တစ်နှစ်လည်း ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ အစိုးရဘက်မှ ပြောင်းချင် သလို၊ မပြောင်းချင်သလို လုပ်နေခြင်းကို ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လုံးဝ သဘောမတူကြောင်း ဟားခါးဒေသခံများနှင့် တွေ့ဆုံစဉ်တွင် ပြောကြားထားသည်။

“ဒါ သတ္တိရှိရှိနဲ့ မပြောင်းချင်ဘူးဆိုရင်လဲ ဘာဖြစ်လို့မပြောင်းချင်ဘူးလဲ၊ ပြည်သူလူထုကို ရှင်းပြရမယ်”ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဇန်န၀ါရီ ၆ ရက်တွင် ကလေးမြို့သို့ ရောက်ရှိပြီး ဇန်န၀ါရီ ၇ ရက် ကလေး မြို့မှ တီးတိန်မြို့သို့ထွက်ခွာကာ ဇန်န၀ါရီ ၈ ရက်တွင် တီးတိန်မှ ဖလမ်းနှင့်ဟားခါးမြို့တို့သို့ သွားရောက် ပြီး ဇန်န၀ါရီ ၉ ရက် လူထုတွေ့ဆုံပွဲပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

No comments: