Saturday, January 11, 2014

မြန်မာဘီးတပ် ဘက်စကက်ဘောအသင်း ကြေးတံဆိပ်သာမျှော်မှန်း

မြတ်သူရ

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၇) ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ တွင် ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်မည့် မြန်မာဘီးတပ်ဘက်စကက်ဘောအသင်းအနေဖြင့် ကြေး တံဆိပ်လောက်သာ မျှော်မှန်းထားသည်ဟု အသင်းနည်းပြ ဦးအောင်မျိုးမြင့်က မဇိ္ဈမကို ပြောသည်။

ဘီးတပ်ဘက်စကတ်ဘောအသင်းနည်းပြ ဦးအောင်မျိုးမြင့်က “မြန်မာအသင်းအနေနဲ့က ဒီနှစ်မှ ပထမ ဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ကြေးတံဆိပ်ဆုလောက်တော့ ရနိုင်မယ်ထင်ပါတယ်။ အဓိက ပြိုင်ဘက်အသင်းက ထိုင်းအသင်းပဲဖြစ်ပါတယ်” ဟု ပြောသည်။ ဘီးတပ်ဘက်စကတ်ဘောပြိုင်ပွဲတွင် အိမ်ရှင်မြန်မာနိုင်ငံအပါအ၀င် ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ လာအိုစသည့် နိုင်ငံပေါင်းငါးနိုင်ငံမှ ၀င် ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပွဲစဉ်များကို ဇန်န၀ါရီလ ၁၃ ရက် မန်နေဂျာများအစည်းအဝေးတွင် ရေးဆွဲ သွားမည် ဖြစ်သည်။

ဘီးတပ် ဘက်စကတ်ဘောပြိုင်ပွဲ၏ထူးခြားသည့်စည်းမျဉ်းမှာ ကစားသမားများ၏ ဆေးအဆင့်သတ်မှတ် ချက်အလိုက် အသုံးပြုရသည့် ၀ှီးချဲအနိမ့်အမြင့် ကွာသွားခြင်း ဖြစ်သည်။ ကျွမ်းကျင်သည့်ဆရာဝန်များ ၏ ဆေးသတ်မှတ်ချက်တွင် သတ်မှတ်ချက်နိမ့်ပါးသည့် ကစားသမားများက ၀ှီးချဲအမြင့်များကို အသုံးပြု ရမည်ဖြစ်ပြီး ဆေးအဆင့်သတ်မှတ်ချက် မြင့်မားသည့် ကစားသမားများက ၀ှီးချဲအနိမ့်များဖြင့် ပြိုင်ပွဲဝင် ရမည် ဖြစ်သည်။

ဦးအောင်မျိုးမြင့်ကပင် “ဆေးအဆင့် သတ်မှတ်ချက် ၁ ဒသမ ၀ ကနေ ၃ ဒသမ၀ အတွင်းရှိတဲ့ ကစား သမားတွေဟာ ၆၃ စင်တီမီတာအမြင့်ရှိတဲ့ ၀ှီးချဲကို အသုံးပြုရမှာဖြစ်ပြီး ဆေးအဆင့် ၃ ဒသမ ၅ ကနေ ၄ ဒသမ ၅ အတွင်းရှိ ကစားသမားတွေကတော့ ၅၈ စင်တီမီတာအမြင့်ရှိ ၀ှီးချဲတွေကို အသုံးပြုယှဉ်ပြိုင်ရ မှာဖြစ်တယ်” ဟု ပြောသည်။

ကစားသမားများ၏ ကြံ့ခိုင်မှုနှင့် အရပ်အမောင်းကွာဟမှု မရှိစေရေးအတွက် ပြိုင်ပွဲဝင် ကစားသမားငါးဦး ၏ ဆေးအဆင့်သတ်မှတ်ချက်စုစုပေါင်းသည် ၁၄ ဒသမ ၀ ထက်မကျော်ရဟု သတ်မှတ်ထားပြီး ဆေး အဆင့်သတ်မှတ်ချက် ၂ ဒသမ ၀ အောက် ကစားသမားတစ်ဦးအမြဲတမ်းပါဝင်နေရမည် ဖြစ်သည်။ မြန်မာဘီးတပ်ဘတ်စကက်ဘောအသင်းကို ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလကစပြီး ကစားသမား ၁၇ ဦးဖြင့် ဖွဲ့စည်းလေ့ကျင့်ခဲ့ကာ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလတွင် ၁၂ ဦး အပြီးသတ် ရွေးချယ်ခဲ့ခြင်း ဖြစ် သည်။

No comments: