Friday, January 10, 2014

သီလ၀ါအထူးဇုန် မြေကွက်များ ယခုနှစ် နှစ်ဆန်းပိုင်း စရောင်းမည်

မောင်သင်တုန်း

သီလ၀ါအထူးစီးပွားရေးဇုန် စက်ရုံနှင့် လုပ်ငန်းမြေနေရာများကို ၂၀၁၄ နှစ်ဆန်းပိုင်းတွင် ရောင်းချပေးနိုင် ရန်အတွက် ဂျပန်ကုမ္ပဏီ(JTSC)နှင့် ပူးပေါင်းပြီး ဆောင်ရွက်ပေးသွားမည်ဟု အဆိုပါဇုန်အကောင်အ ထည်ဖော်ဆောင်ရေး ကော်မတီဥက္ကဋ္ဌ ဦးဆက်အောင်က ဇန်န၀ါရီ ၇ ရက်တွင် မဇ္ဈိမကို အတည်ပြုပြော ကြားသည်။

“ဘယ်လထဲမှာ ရောင်းပေးမယ်ဆိုတာ အတိအကျ မပြောနိုင်သေးဘူး၊ ဒီနှစ်ဆန်းပိုင်းအတွင်း ရောင်းပေးမယ်”ဟု ဦးဆက်အောင်က ပြောသည်။

စက်ရုံမြေနေရာ ရောင်းချရာတွင် အမှန်တကယ် လုပ်ကိုင်ခြင်းမရှိဘဲ စက်ရုံမြေ အရောင်းအ၀ယ်လုပ်ကာ ဈေးကစားမည့်သူများလက်ထဲ မရောက်ရှိစေရန် ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး စက်ရုံမြေနေရာ များအတွက် လိုအပ်သည့် သတ်မှတ်ချက်များ စံချိန်စံညွှန်းများကို ဂျပန်ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက် နိုင်ရန် လုပ်ဆောင်နေသည်ဟု ၎င်းက ဆက်ပြောသည်။

“ခြံစည်းရိုးကာပြီး စက်ရုံလေးဆောက်လုပ်ထားရုံနဲ့ မရဘူး။ အချိန်ဘယ်လောက်အတွင်း အပြီးဆောင် ရွက်ပြီး လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ရမယ်ဆိုတဲ့ အချက်တွေနဲ့ ကန့်သတ်သွားမယ်”ဟု ဦးဆက်အောင်က ပြောသည်။

စက်ရုံတည်ဆောက်မည့် မြေနေရာအကျယ်အ၀န်းကို လုပ်ငန်းလိုအပ်ချက်အလိုက် သတ်မှတ်ရောင်းချ ပေးသွားမည်ဖြစ်ပြီး ရန်ကုန်မြို့ရှိ စက်မှုဇုန်ဈေးနှုန်းများထက် မြေဈေးသက်သာအောင် ဆောင်ရွက်ပေး မည်ဟု ဆိုသည်။ စက်ရုံမြေဈေးများ ဈေးနှုန်းမသတ်မှတ်နိုင်သေးသော်လည်း ပြည်တွင်းပြည်ပလုပ်ငန်း ရှင်ခွဲခြားမှု မပြုလုပ်ဘဲ ဈေနှုန်းတန်းတူ ရောင်းချပေးသွားမည်ဟု ဆက်ပြောသည်။

ယင်းနှင့်ပတ်သက်၍ NIBAN စက်ရုံပိုင်ရှင်တစ်ဦးဖြစ်သူ ဦးအောင်သိန်းက “သတ်မှတ်ရက်အတွင်း လက် ပြောင်းလက်လွှဲ မလုပ်ရဘူးဆိုပြီး သတ်မှတ်ချက်တွေပါရင်တော့ စက်ရုံမြေဈေးကစားတာတွေ မဖြစ်နိုင် တော့ဘူးပေါ့။ ဘယ်လိုပုံစံနဲ့ ရောင်းမလဲဆိုတဲ့အပေါ်မှာ မူတည်တယ်”ဟု မှတ်ချက်ပြုသည်။

ထို့ပြင် အထူးစီးပွားရေးဇုန်ဖြစ်သည့်အတွက် မြေဈေးနိမ့်ကျနိုင်သော်လည်း မီတာခများ ဈေးမြင့်ခြင်း၊ ရေ ၀ယ်ယူသုံးစွဲရခြင်း၊ စက်ရုံစွန့်ပစ်ရေများကို ပြန်လည်သန့်စင်ရသည့်အတွက် လစဉ် ကုန်ကျစရိတ်များ မြင့်မားနိုင်ခြင်းတို့ကြောင့် အထူးစီးပွားရေးဇုန်နှင့်ပတ်သက်သည့် ခံစားခွင့်များလည်း ရရှိရန်လိုမည်ဟု ၎င်းက ဆက်ပြောသည်။

အထူးစီးပွားရေးဇုန်အတွက် သတ်မှတ်ထားသည့် မြေဟက်တာ ၄၀၀ အထက် ကျော်လွန်ပြီး ၀ယ်ယူလို သူများရှိပါက နိုင်ငံအတွက် အမှန်တကယ် အကျိုးပြုသည့် စက်ရုံများကို ဦးစားပေးဆောင်ရွက်သွားမည် ဟု ဦးဆက်အောင်က ပြောသည်။

သီလ၀ါ အထူးစီးပွားရေးဇုန်သည် ဟက်တာ ၂၆၀၀ အကျယ်အ၀န်းရှိသော်လည်း ပထမစီမံကိန်းဖြစ်သည့် ဟက်တာ ၄၀၀ ကိုသာ ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၃၀ ရက်တွင် ဖွင့်ပွဲပြုလုပ်ကာ စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

No comments: