Saturday, January 4, 2014

အမျိုးသမီးမောင်းနှင်သည့် တက္ကစီကို အုတ်သဲကျောက်ကားက ၀င်တိုက်

ဇော်ဇော်ထွေး

ပုဇွန်တောင်မြို့နယ် ဗန္ဓုလတံတားအဆင်း အိုးရှင်းမှတ်တိုင်အနီးတွင် အမျိုးသမီးမောင်းနှင်သည့် တက္ကစီ အငှားကားကို အုတ်သဲကျောက်ယာဉ်တစ်စီးက အရှိန်လွန်ပြီး ၀င်တိုက်မှုတစ်ခု ဒီဇင်ဘာ ၃၁ ရက် နံနက် က ဖြစ်ပွားခဲ့သည်။

နံနက် ၁၁ နာရီ ၄၀ အချိန်တွင် ဒေါပုံဘက်မှ ရန်ကုန်မြို့တွင်းသို့ ယာဉ်မောင်း (စုံစမ်းဆဲ) မောင်းနှင်လာ သော ၄က/ ၄၄၈၇ ဒိုင်ဟက်စု အဖြူရောင် (ငှား) အုတ်သဲကျောက်တင်ယာဉ်က အိုးရှင်းမှတ်တိုင် အနီး အရောက်တွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ အုတ်သဲကျောက်ယာဉ်သည် ရှေ့မှသွားနေသည့် ယာဉ်တစ်စီးအား ရှောင်တိမ်းစဉ်လမ်း၏ ယာဘက်တွင် ရပ်ထားသည့် ဒေါ်ခင်သန်းဦး မောင်းနှင်သည့် CC-3094 ပရိုဘောက်စ်ခဲရောင် (ငှား) ယာဉ်အား ၀င်တိုက်မိခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဆက်လက်၍ လမ်းဘေးပလတ်ဖောင်းပေါ်ရှိ ဖုန်းတိုင်နှင့် ဈေးဆိုင်ခင်းနေသူ လှမင်းထွန်း၊ ကျော် ကျော်နိုင်ဆိုသူတို့အား တိုက်မိကာ သစ်ပင်တစ်ပင်အား ဆက်လက်တိုက်မိခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် လမ်းဘေးတွင် ယာဉ်တိုက်ခံရသူ လှမင်းထွန်းမှာ အခင်းဖြစ်နေရာတွင်ပင် သေဆုံးသွားခဲ့သည်ဟု ရဲတပ် ဖွဲ့က ဆိုထားသည်။

ထို့နောက် အဆိုပါ အုတ်သဲကျောက် ယာဉ်မောင်းမှာ ယာဉ်ကိုထားကာ ထွက်ပြေးသွားသည်ဟုလည်း ရဲတပ်ဖွဲ့က ဆိုသည်။

ယင်းကြောင့် ထွက်ပြေးသွားသော ယာဉ်မောင်းအား အရေးယူနိုင်ရန် ပုဇွန်တောင် ရဲစခန်းက (ပ)၁၄/ ၂၀၁၄ ဖြင့် အမှုဖွင့်ရှာဖွေနေပြီး ပြစ်မှုပုဒ်မ ၃၀၄ က /၃၃၈/၂၀၂ တို့ဖြင့် တရားစွဲတင်မည်ဟုလည်း ဆိုထားသည်။

No comments: