Friday, January 24, 2014

မောင်တောပဋိပက္ခ ဘက်မလိုက်ဘဲစုံစမ်းရန် ကုလ တောင်းဆို

သိင်္ဂီထွန်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးယားတန်းကျေးရွာတွင် အရပ်သားများနှင့် ရဲအမှုထမ်းတစ်ဦး သတ်ဖြတ်ခံရသည်ဟူသော သတင်းများနှင့်ပတ်သက်၍ ဘက်မလိုက်သည့် အရေးပေါ်စုံစမ်းစစ်ဆေးမှု တစ်ရပ်ပြုလုပ်ရန် ကုလသမဂ္ဂ လူသားချင်းစာနာမှုနှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ လက်ထောက် အတွင်းရေးမှူးValerie Amos က ဇန်န၀ါရီ ၂၃ ရက်တွင် အရေးပေါ် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန် ကာ တိုက်တွန်းလိုက်သည်။

“အရပ်သားအားလုံးကို အပြည့်အ၀ အကာအကွယ်ပေးသည့် လိုအပ်သော ဆောင်ရွက်မှုများအားလုံးကို လုပ်ဆောင်ရန်နှင့် လတ်တလော အကြမ်းဖက်မှုများကို ခံစားနေသူအားလုံးအတွက် လိုအပ်ချက်များ လေ့လာစမ်းစစ်ခြင်းနှင့် အရေးပေါ်အကူအညီပေးခြင်းတို့ ပြုလုပ်နိုင်ရန်အတွက် အခင်းဖြစ်ပွားရာဒေသ တွင် လူသားချင်းစာနာမှု အကူအညီပေးရေး ၀န်ထမ်းများ လုံခြုံစွာ ဆက်လက်ဆောင်ရွက်နိုင်ရန် မြန်မာ အစိုးရကို ကျွန်တော် တောင်းဆိုပါတယ်”ဟုValerie Amos က ဆိုသည်။

ထို့ပြင် အစိုးရအနေဖြင့် ဒုချီးတန်းကျေးရွာတွင် ဖြစ်ပွားခဲ့သည်များနှင့်ပတ်သက်၍ ဘက်မလိုက်သော စုံ စမ်းစစ်ဆေးမှုတစ်ရပ် ချက်ချင်းပြုလုပ်ရန်နှင့် ပဋိပက္ခနှင့်ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရသူများ ၏အခွင့်အရေးများကို လေးစားရန်လည်း ၎င်းက တောင်းဆိုလိုက်သည်။

မြန်မာအစိုးရကမူ အဆိုပါဖြစ်ရပ်ကို စိစစ်ဖော်ထုတ်ခဲ့ရာ ဇန်န၀ါရီ ၁၅ ရက်တွင် ကိုးဦး၊ ၁၇ ရက်တွင် ခြောက်ဦးနှင့် ၁၈ ရက်တွင် တစ်ဦးကို ခေါ်ယူမေးမြန်း စစ်ဆေးဆဲဖြစ်သည်ဟု ဇန်န၀ါရီ၂၂ ရက်က ထုတ် ပြန်ထားသည်။

No comments: