Thursday, January 2, 2014

DKBAစစ်ဦးစီးချုပ် ဗိုလ်နှုတ်ခမ်းမွှေး စင်္ကာပူတွင် ဆေးကုသမှုခံယူ

သိင်္ဂီထွန်း

DKBA (ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်) ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောလားပွယ် (ခေါ်) နှုတ်ခမ်းမွှေးသည် ကျန်းမာရေး အခြေအနေကြောင့် စင်္ကာပူနိုင်ငံသို့ ၂၀၁၃ခုနှစ် ဒီဇင်ဘာလ ၃၁ရက်တွင် သွားရောက်ဆေးကုသမှု ခံယူရကြောင်း မြန်မာငြိမ်းချမ်းရေး စင်တာ၏ အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက ဇန်နဝါရီ ၁ရက်တွင် မဇ္ဈိမကိုပြောသည်။

"မနေ့ကတည်းကသွားတာပါ။ ရန်ကုန်မှာ ဆေးလာကုတာတော့ တစ်ပတ်လောက်ရှိပြီဗျ။ ရောဂါအခြေအနေတော့ ကျွန်တော်အသေးစိတ် မသိသလို လူနာရှင်လည်းမဟုတ်တော့ ပြောလို့မရပါဘူး။ လည်ချောင်းဖြစ်တယ်လို့တော့ သိထားတယ်"ဟု ဦးလှမောင်ရွှေကပြောသည်။

ဗိုလ်ချုပ်စောလားပွယ်သည် သူ၏ကျန်းမာရေး အခြေအနေကြောင့် ရန်ကုန်မြို့ ပင်လုံဆေးရုံတွင် လာရောက်ဆေးကုသမှုခံယူခဲ့ပြီး ကျန်းမာရေး အခြေအနေအရ စင်္ကာပူနိုင်ငံသို့ သွားရောက်ဆေးကုသရခြင်းဖြစ်သည်။ ယခုကဲ့သို့ စင်္ကာပူနိုင်ငံသို့ ဆေးကုသနိုင်ရန်ပည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဝန်ကြီးဦးအောင်မင်းက နိုင်ငံကူးလက်မှတ်ရရှိရန် ကူညီပေးပြီး မြန်မာငြိမ်းချမ်းရေးစင်တာက ဗီဇာရရှိရန် ကူညီပေးခဲ့သည်ဟု ဦးလှမောင်ရွှေက ရှင်းပြသည်။

ဗိုလ်ချုပ်စောလားပွယ်၏ ကျန်းမာရေး အခြေအနေနှင့် ပတ်သက်၍ မဇ္ဈိမက DKBA၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးဆန်းအောင်ကို ဖုန်းဖြင့်မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းပြန်လည်ဖြေကြားခြင်း မရှိပေ။

ဗိုလ်ချုပ်စောလားပွယ်သည် ဆေးကုသမှုခံယူရန် ၎င်း၏ဌာနချုပ်ရှိရာ ကရင်ပြည်နယ်၊ မြဝတီမြို့၊ ဆုံဆည်းမြိုင်ဒေသမှ ဒီဇင်ဘာလ ၂၂ရက်နေ့ ညက ရန်ကုန်မြို့သို့ လာခဲ့ခြင်း ဖြစ်သည်။

No comments: