Tuesday, January 7, 2014

မန်စီမြို့နယ်တွင် အစိုးရနှင့် KIA တို့ တိုက်ပွဲ ပြန်ဖြစ်

ဖနိဒါ

ကချင်လွတ်လပ်ရေးတပ်မတော် KIA ၏ တပ်မဟာ(၃)လက်အောက်ခံ တပ်ရင်း (၁၂) ထိန်းချုပ်ရာ မုန်း ဒိန်ပါကျေးရွာအနီး အစိုးရတပ်နှင့် KIA တပ်တို့ ဇန်န၀ါရီ ၆ ရက်တွင် ပြန်လည်ဖြစ်ပွားသည်ဟု KIA တပ် မဟာ ၁၂ တပ်ရင်းမှူး ဗိုလ်မှူးဂျွန်းအောင်က ပြောသည်။

ဗန်းမော်ခရိုင် မန်စီမြို့နယ် မုန်းဒိန်ပါကျေးရွာအနီးသို့ အစိုးရ၏တပ်ရင်း ခလရ ၅၆ တပ်ဖွဲ့အင်အား ၁၅၀ ခန့်နှင့် KIA တပ်ရင်း(၁၂)တို့ ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့သည်ဟု ဗိုလ်မှူးဂျွန်းအောင်က ပြောသည်။

“၃ နာရီ မိနစ် ၂၀ လောက်မှာ ၄၅ မိနစ်အထိ တပ်ရင်း ၅၆ ပြန်လှုပ်ရှားလာလို့ ကျွန်တော်တို့တပ်နဲ့ တိုက် ပွဲဖြစ်တယ် မုန်းဒိန်ပါ ရွာပြင်မှာ။ သူတို့အင်အားက ၁၅၀ လောက်ရှိမယ်။ သူတို့စစ်ကြောင်း ကျွန်တော်တို့ ရှိနေတဲ့နေရာကို လှုပ်ရှားလာလို့ တိုက်ပွဲဖြစ်တာ”ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ၂၈ ရက်က နမ်လင်းပါနှင့် ကောင်ဂျာကျေးရွာတို့တွင် အခြေစိုက်ထား သော အစိုးရစစ်တပ်ရင်း လေးရင်း အင်အား ၅၀၀ ခန့်က ဆုတ်ခွာခဲ့သော်လည်း ယခုနှစ် ဇန်န၀ါရီလ ၂ ရက် အစိုးရစစ်ကြောင်းများ ထပ်မံရောက်ရှိလာသည်ဟု သူက ဆိုသည်။

ပြီးခဲ့သည့်၂၀၁၃ ခုနှစ်၊ အောက်တိုဘာ၂၁ ရက်က KIA နယ်မြေ မန်စီမြို့နယ်အတွင်း အစိုးရစစ်ကြောင်း များ စတင်ဝင်ရောက်လာရာမှ နှစ်ဖက် ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ဒီဇင်ဘာလ ၂ ရက်အထိ တိုက်ပွဲများ ဖြစ်ပွားခဲ့သေးသည်။

တိုက်ပွဲများကြောင့် မုန်းဒိန်ပါ၊ ကောင်ဂျာ၊ ကောင်ရွန် စသည့် ကျေးရွာ ၁၀ ရွာကျော်ရှိ ရွာသားများ အပါ အ၀င် နမ်လင်းပါ ဒုက္ခသည်စခန်းမှ ဒုက္ခသည်များ စုစုပေါင်း ဒုက္ခသည် ၄,၀၀၀ ကျော်မှာ မန်ဝင်းကြီး၊ KIO ထိန်းချုပ်ရာ အင်ဘာပါ စသည့် ဒုက္ခသည်စခန်းများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

No comments: