Tuesday, January 7, 2014

ငြိမ်းချမ်းရေးတွင် ယုံကြည်မှု ခရီး အရောက်ဆုံးဟု KNU ပြော

သစ်နေမိုး


ကရင်အမျိုးသား အစည်အရုံး (KNU) အနေဖြင့် သမ္မတဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နှင့် အကြိမ်ကြိမ် တွေ့ဆုံခဲ့ရပြီး ယင်းသို့ အကြိမ်ကြိမ် တွေ့ဆုံရခြင်းမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ယုံကြည်မှု ခရီး အရောက်ဆုံး အဖွဲ့ တဖွဲ့ ဖြစ်ခဲ့ခြင်းကြောင့်သာ ဖြစ်သည်ဟု KNU ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က ပြောသည်။

ပြည်တွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများတွင် နိုင်ငံတော်သမ္မတနှင့် ၄ ကြိမ်၊ ကာကွယ်ရေး ဦးစီးချုပ်နှင၃ ကြိမ်အထိ တွေ့ဆုံထားသော အဖွဲ့အစည်းမှာ KNU တဖွဲ့တည်းသာ ရှိနေခြင်းနှင့် ပတ်သက်၍ ဧရာဝတီက မေးမြန်းခဲ့ရာ ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“တခြား အဖွဲ့အစည်းတွေထက် ယုံကြည်မှုပိုလို့လို့ ပြောလို့ရပါတယ်။ သမ္မတရော၊ ကာချုပ်ကောက ကျနော်တို့အပေါ်မှာ ယုံကြည်မှုရှိတယ်။ ဒါကို ကျနော်တို့ အခိုင်အမာ ပြောလို့ရပါတယ်။ အခွင့်အရေးတော့ ပိုမပေးဘူးပေါ့ဗျာ”ဟု ဖဒိုမန်းငြိမ်းမောင် က ပြောသည်။

KNU သည် ဇန်နဝါရီ ၅ ရက်နေ့က နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ် တို့နှင့် တွေ့ဆုံခဲ့ပြီး လက်ရှိ တည်ဆောက် နေသော ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်သည့် နှစ်ဘက်အမြင် သဘောထားများ ညှိနှိုင်းခဲ့ကြသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဖဒိုမန်းငြိမ်းမောင်က “တကြိမ်မဟုတ်တကြိမ် တွေ့တဲ့အခါကျတော့ တယောက်နဲ့ တယောက် ယုံကြည်မှုက ပိုလာတယ်၊ နားလည်မှုက ပိုလာတယ်၊ ပိုပွင့်လင်းလာတယ်။ အားအရဆုံးကတော့ နှစ်ဦးနှစ်ဘက်စလုံးက ငြိမ်းချမ်းရေး ကို မရရအောင်တည်ဆောက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက် သဘောတူကြတယ်။ အဲဒါ တန်ဖိုးအရှိဆုံးပါပဲ”ဟု ဧရာဝတီသို့ ပြောသည်။

ဦးသိန်းစိန် အစိုးရသစ်အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်များ အားလုံးနှင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘော တူမှုကို လုပ်ဆောင်နေပြီး တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့(NCCT)နှင့် ညှိနှိုင်း နေသော လက်ရှိကာလတွင် KNU နှင့် သီးသန့်တွေ့ဆုံမှု လုပ်ဆောင်ခြင်းမှာ တခြား တိုင်းရင်းသား အဖွဲ့အစည်းများအတွက် စောင့်ကြည့် အကဲဖြတ်စရာ သဘောမျိုးလည်း ရှိနေကြမည် ဖြစ်ကြောင်း ဝေဖန်ပြောဆိုသူများ ရှိနေသည်။

ကချင် လွတ်လပ်ရေး တပ်မတော် (KIA) မှ ငြိမ်းချမ်ရေး တည်ဆောက်မှု အထောက်အကူပြု အဖွဲ့ Technical Teamခေါင်းဆောင် ဦးဒေါင်ခါးက “ယုံကြည်မှု အရှိဆုံး အဖွဲ့အစည်းမို့ ဖြစ်တယ်ဆိုတာလည်း သူတို့ နှစ်ဦးနှစ်ဘက်မှာ ဘယ်လို တိုင် ပင် ထားပြီး ပြောလဲ မသိဘူးလေ။ ဒါပေမယ့် ဒီ ဖြစ်စဉ် တခုလုံးကို ကြည့်လိုက်မယ်ဆိုရင် အခုအစိုးရအနေနဲ့ Social Politicပုံစံမျိုး ဖြစ်နေတာ တွေ့ရတာပေါ့၊ သူတို့ရဲ့ Social Politic က ဘယ်လောက်ရှိမလဲ မသိရသေးဘူးပေါ့။ ကျနော်တို့ကလည်း စောင့်ပဲ ကြည့်ပြီးတော့ အကဲဖြတ်ရမယ့် တာဝန်ရှိတယ်။ သူတို့ဘက်ကလည်း ထိန်းရမှာတွေ ရှိနေရမှာပါ”ဟု ပြောသည်။

ထိုအခြေအနေတွင် အစိုးရအနေဖြင့် ပွင့်လင်းမှုကို မည်သည့် အတိုင်းအတာမျိုးဖြင့် ကိုင်ဆောင်ထားမည် ဆိုသည့် အချက်မှာလည်း အဓိက အရေးကြီးလာပြီ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးပါဝင်သော ညီလာခံကို ယခုလ ၂၀ ရက်မှ ၂၂ ရက်နေ့ အထိ KNU ထိန်းချုပ်နယ်မြေ တပ်မဟာ ၇ နယ်မြေအတွင်းရှိ လောစီးလား ဒေသတွင် ပြုလုပ်သွားမည် ဖြစ်ကာ ယင်းဆွေးနွေးပွဲမှ ညှိနှိုင်း ထွက်ပေါ်လာသော အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ဘုံသဘောထားမူနှင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့၏ မူတို့ကုညှိနှိုင်းကြမည် ဖြစ်သည်။

ယင်းညှိနှိုင်း တွေ့ဆုံမှုကို ယခုလ ၂၄၊ ၂၅ ရက်များတွင် ဘားအံမြို့၌ ပြုလုပ်သွားမည်ဖြစ်ပြီး ထိုတွေ့ဆုံမှုမှ တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေးဆိုင်ရာ နှစ်ဘက်သဘောတူ မူတခု ထွက်ပေါ်လာနိုင်မည်ဟု တိုင်းရင်းသား ခေါင်းဆောင် တချို့ပြောဆို ထားသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်းစုံ ပါဝင်သော ညီလာခံကို ပြီးခဲ့သည့် အောက်တိုဘာ လကုန်ပိုင်းတွင် KIA ဌာနချုပ် ရှိရာ ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ပြုလုပ်ခဲ့ပြီး ဘုံသဘောထား ၁၁ ချက်နှင့် NCCT ကို ဖွဲ့စည်းနိုင်ခဲ့သည်။

အစိုးရသစ်၏ အမျိုးသား ပြန်လည်သင့်မြတ်ရေးမူ လုပ်ဆောင်ချက်အရ KNU နှင့် ၂၀၁၂ ဇန်န၀ါရီလတွင် ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေး လုပ်ဆောင်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဧပြီလတွင် ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေးကို လက်မှတ်ထိုးနိုင် ခဲ့ကြသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ်တို့နှင့် တွေ့ဆုံမှုကို ၂၀၁၂ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်တို့ တွင် တွေ့ဆုံခဲ့ပြီယခု တွေ့ဆုံမှုမှာ ၂၀၁၄ ခုနှစ်တွင် ပထမဆုံး တွေ့ဆုံမှုလည်း ဖြစ်သည်။

လက်ရှိ လုပ်ဆောင်နေသော တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ သဘောတူ ညှိနှိုင်းမှုများတွင် ယခင် လုပ်ဆောင် ခဲ့ သော ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့် အပစ်ရပ် သဘောတူမှုများမှ အချက်များ ပြန်လည် ပါဝင်ခြင်းလည်း ရှိပြီး တိုင်းရင်း သားတို့ ဘက်မှ မူကြမ်းများနှင့် ညှိနှိုင်းကြမည် ဖြစ်သည်။

No comments: