Saturday, January 4, 2014

NLD ရေးဆွဲနေသည့် အမျိုးသားကျန်းမာရေးမူဝါဒ ၈၅ ရာခိုင်နှုန်း ပြီးစီး

ယုဝေ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အမျိုးသားကျန်းမာရေးကွန်ရက်မှ ရေးဆွဲနေသော အမျိုးသားကျန်း မာရေးမူဝါဒသည် လက်ရှိ ၈၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီး လာမည့်မတ်လတွင် အပြီးသတ်နိုင်မည် ဖြစ်သည်ဟု အမျိုးသားကျန်းမာရေးမူဝါဒ ရေးဆွဲမှုကော်မတီမှ တာဝန်ခံဒေါက်တာကျော်ဇောက မဇ္ဈိမကို ပြောသည်။

“ပထမ မျှော်မှန်းထားတဲ့အတိုင်းပါပဲ။ မတ်လမှာ ပြီးမှာပါ။ ကျွန်တော်တို့က မူဝါဒရေးဆွဲတဲ့နေရာမှာ နိုင်ငံ ခြားက ပညာရှင်တွေရဲ့ အကူအညီကို ယူခဲ့ရပါတယ်”ဟု ၎င်းက ဆိုသည်။

အမျိုးသားကျန်းမာရေးမူဝါဒကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်က စတင်ရေးဆွဲခဲ့ပြီး ပုံမှန်အားဖြင့် တစ်လလျှင် နှစ်ကြိမ်ခန့် အစည်းအဝေးထိုင်ကာ အမျိုးသားကျန်းမာရေး မူဝါဒရေးဆွဲရေးကော်မတီမှ သိ ရသည်။

NLD အမျိုးသားကျန်းမာရေးကွန်ရက်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက “ရေးဆွဲနေတဲ့ ကျန်းမာရေးမူဝါဒမှာ ချမ်းသာ၊ ဆင်းရဲ၊ လူမျိုးမခွဲခြားဘဲနဲ့ အားလုံးအတွက်ပြီးပြည့်စုံတဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို အခြေခံ ထားတာပါ။ တိုင်းပြည်အတွက် ကျန်းမာရေးမူဝါဒကောင်းရှိဖို့က အရေးကြီးပါတယ်”ဟု ပြောသည်။

အမျိုးသားကျန်းမာရေးမူဝါဒ ရေးဆွဲပြီးစီးပါက ပြည်သူ့လွှတ်တော် ကျန်းမာရေးမြှင့်တင်မှုကော်မတီရှိ ကျန်းမာရေးပညာရှင်များနှင့် လွှတ်တော်ပြင်ပတွင် ဆွေးနွေးမည်ဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ပညာ ရှင်များလည်း ပါဝင်နိုင်သည်ဟု ဒေါက်တာမြသော်က ဆိုသည်။

“ခုရေးဆွဲနေတဲ့ မူဝါဒက အကြမ်းရေးဆွဲတယ်လို့ ပြောလို့ရပါတယ်။ ဒါပြီးရင် ကျန်းမာရေးဌာနတွေက ပညာရှင်တွေနဲ့ ဆက်လက် ညှိနှိုင်းတိုင်ပင်ပြီး ဖြည့်စွက်စရာရှိတာကို ဖြည့်စွက်မှာပါ”ဟု ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကျန်းမာရေးမူဝါဒရေးဆွဲရာတွင် အမျိုးသားကျန်းမာရေးကွန်ရက်မှဆရာ ၀န်များ၊ ပြည်သူ့ကျန်းမာရေးဌာနမှ ဆရာဝန်များ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)တွင် လုပ်ခဲ့ဖူးသည့် ပညာရှင်များ စုစုပေါင်းပညာရှင်၂၀ ကျော် ပါဝင်ရေးဆွဲထားခြင်းဖြစ်သည်။ ယင်းအပြင် ထိုင်းနှင့်စင်ကာပူ မှ ပညာရှင်များလည်း အမျိုးသားကျန်းမာရေးမူဝါဒ ရေးဆွဲရာတွင် ပူးပေါင်းပါဝင် ကူညီသည်။

No comments: