Monday, January 6, 2014

ပုသိမ်ခရိုင်လုံးဆိုင်ရာ NLD လူငယ်တွေ့ဆုံပွဲ ကျင်းပ

စည်သူမောင်မောင်

အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်၊ ပုသိမ် ခရိုင်လုံးဆိုင်ရာ လူငယ်တွေ့ ဆုံပွဲကို ဇန်နဝါရီလ ၄ရက် နံနက်က ပုသိမ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ပြုလုပ်ခဲ့သည်။

"၂၅ နှစ်ကျော် ကာလမှာ NLD လူငယ်တွေ ပထမဆုံး တွေ့ဆုံပွဲလေး လုပ်ခွင့်ရတာပါ။ လူငယ်တွေ သိသင့်တာတွေလည်း သိခွင့်ရမယ်။နောက်ဆို သူတို့က ခေါင်းဆောင်နေရာကို ရောက်လာမှာပါ”ဟု ပုသိမ်ခရိုင် လူငယ်ညီလာခံ ကျင်းပရေးကော်မရှင် ဥက္ကဋ္ဌ ဦးညီညီအောင် က မဇ္ဈိမကို ပြောသည်။

လူငယ်ညီလာခံပြုလုပ်ရာတွင် မူဝါဒ၊ လမ်းစဉ်များကို အထောင်အထည်ဖော်ရာ၌ လူငယ်များ ပါဝင်လာနိုင်ရန်၊ ဖြူစင်ရိုးသားသော အနာဂတ်ခေါင်းဆောင်များ ပေါ်ထွန်းလာရန်နှင့် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဖော်ဆောင်ရာမှာ လူငယ်ထုတစ်ရပ်လုံး ပါဝင်စေရန် ဟူသော အချက်သုံးချက်ကို အခြေခံကာ ပြုလုပ်မည်ဟု ဆိုသည်။

ပုသိမ်ခရိုင်လုံးဆိုင်ရာ လူငယ်တွေ့ ဆုံပွဲကို ခရိုင်အတွင်း ပုသိမ်၊ ငပုတော၊ သာပေါင်း၊ ကန်ကြီးထောင့်၊ ကျောင်းကုန်း၊ ကျုံပျော်နှင့်ရေကြည်မြို့ နယ်များမှ NLDပါတီ၏ လူငယ်ပါတီဝင် ၈၀ကျော် တက်ရောက်ခဲ့သည်။

ဧရာဝတီတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် တိုင်းအလုပ်အမှုဆောင်များ၊ ပုသိမ်ခရိုင် အလုပ်အမှုဆောင်များ၊ ပုသိမ်မြို့ နယ် အလုပ်အမှုဆောင်များ၊ တိုင်း လူငယ်ညီလာခံ ကျင်းပရေးကော်မရှင်များ၊ ခရိုင်ညီလာခံ ကျင်းပရေးကော်မရှင်များနှင့် မြို့နယ်ညီလာခံ ကျင်းပရေးကော်မရှင်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ပါတီဝင်များ တက်ရောက်ခဲ့သည်။

No comments: