Thursday, January 23, 2014

ပြည်တွင်းမှထုတ်လုပ်သည့် ဆော့ဖ်ဝဲလ်များကို ပြသမည့် App Expo ဒုတိယအကြိမ် ကျင်းပမည်

စ,ချိုကို

ပြည်တွင်း၌ ဖန်တီးထုတ်လုပ်ထားသော ဆော့ဖ်ဝဲလ် Application များ ပြသမည့် App expo 2014 ကို မတ် ၈ ရက်မှ ၉ ရက် အထိ ရန်ကုန်မြို့ မြန်မာအင်ဖိုတက်ခ်တွင် ကျင်းပသွားမည်ဖြစ်သည်ဟု ပြပွဲစီစဉ် သူ Yangon Heartz မှ ကိုဇော်ဇော်မျိုးလွင်က ပြောသည်။

ပြပွဲအတွင်း ကွန်ပျူတာအသုံးပြုသူများ၊ အင်တာနက်အသုံးပြုသူများနှင့် မိုဘိုင်းဖုန်းအသုံးပြုသူများအသုံး ပြုနိုင်မည့် လူမှု၊ စီးပွား Application များ၊ ဈေးကွက်အတွင်း ရယူအသုံးပြုနိုင်မည့် Application များ၊ စီး ပွားရေးနှင့် ထုတ်ကုန်လုပ်ငန်းသုံး Commercial Software Application များကို စုံလင်စွာ ပြသသွားရန် စီစဉ်ထားသည်ဟုလည်း ၎င်းက ဆိုသည်။

ကိုဇော်ဇော်မျိုးလွင်က “ဈေးကွက်အတွင်း အရည်အသွေးရှိတဲ့ မြန်မာ့ Application အသစ်များ ဈေး ကွက်ရရှိဖို့လည်း လိုအပ်ပါသေးတယ်။ ကမ္ဘာမှာဆိုလည်း အရင်က Hardware ကိုအခြေခံပြီး Software ကို ထုတ်လုပ်လာနေရာကနေ အခုဆို Software ကိုအခြေခံပြီး Hardware ထုတ်လာရတဲ့ပုံစံကို ပြောင်း လဲလာတာ တွေ့နေရတော့ Softwareရဲ့ကဏ္ဍက အရမ်းဖွံ့ဖြိုးလာနေပါပြီ”ဟု ဆိုသည်။

ပြပွဲအတွင်း ပြခန်းပေါင်း ၃၀ ခန့် ပြသရန်ရှိပြီး ပြည်တွင်းမှ ဆော့ဖ်ဝဲလ်ကုမ္ပဏီများ၏ ထုတ်ကုန်များကို ပြသသွားမည်ဖြစ်ကာ ဆော့ဖ်ဝဲလ် ဖန်တီးရေးဆွဲထားသော ထုတ်ကုန်ရှိသည့် Software Developer လူငယ်များအတွက် အခမဲ့ပြသသွားရန် စီစဉ်ပေးသွားမည်ဖြစ်သည်။

App expo 2014 တွင် စပွန်ဆာနှင့် နည်းပညာထောက်ပံ့ပေးရေးအတွက် ပြည်တွင်းတွင် လိုင်စင်ရ မို ဘိုင်းဖုန်းကုမ္ပဏီ Ooredoo က ကူညီပေးသွားမည်ဖြစ်သည်ဟုလည်း Ooredoo မှ ပြန်ကြားရေးတာဝန် ခံမသီရိကြာညိုက ပြောသည်။

၎င်းက “ပြည်တွင်းက လူငယ်တွေနဲ့ Software Developer တွေရဲ့ တီထွင်ဖန်တီးမှုအပေါ် ဈေးကွက်ရဲ့ အမြင်တွေ၊ နည်းပညာပိုင်းအတွက်ကိုပါ Ooredoo က တာဝန်ရှိသူတွေက ကူညီထောက်ပံ့ပေးသွားဖို့ ရှိ ပါတယ်”ဟု ပြောသည်။

ယင်းပြပွဲတွင် ၂၀၁၃ ခုနှစ်အတွင်း ထုတ်လုပ်ခဲ့သည့် Software များမှ The best app in Myanmar 2013 award ဆုကို ချီးမြှင့်မည်ဖြစ်ပြီး ဂိမ်းပြိုင်ပွဲများလည်း ထည့်သွင်းထားသည်။ ကိုဇော်ဇော်မျိုးလွင် က “၂၀၁၃ အတွင်း လူကြိုက်အများဆုံး Application ကို ရွေးချယ်ပြီး ဆုပေးသွားဖို့ရှိတယ်။ အဲဒီအ တွက်လည်း ပြည်တွင်းကလူဦးရေ ၁၀၀၀ လောက်ကို Survey လုပ်ပြီး အကြိုက်ဆုံး APP တွေကို ဆန်ခါ တင်ရွေးထားမယ်။ ဖေဖော်ဝါရီအလယ်ပိုင်းလောက်မှာပဲ အဲဒီဆန်ခါတင် application တွေကို အွန်လိုင်း မှာကြေညာပြီး ပရိသတ်အကြိုက်ဆုံး APP ကို Vote ပေးခိုင်းပြီး ရွေးချယ်သွားမယ်”ဟု ပြောသည်။

ဆော့ဖ်ဝဲလ်ဖန်တီးရေးဆွဲထားသော Developer များအနေဖြင့်လည်း ၀င်ရောက် ပြသလိုပါက အခမဲ့ပြ သခွင့်ပေးသွားမည်ဖြစ်ပြီး Yangon Heartz Media and Business သို့ ဆက်သွယ်နိုင်သည်ဟုလည်း ဦးဇော်ဇော်မျိုးလွင်က ဆိုသည်။ အဆိုပါပြပွဲကို ပြီးခဲ့သည့်နှစ်အတွင်းကလည်း ပထမအကြိမ် ပြသခဲ့သေး သည်။

No comments: