Friday, January 10, 2014

အထက်မြန်မာပြည် သံဃာထုညီလာခံတွင် မျိုးစောင့်ဥပဒေ ဆွေးနွေးမည်ဟု ဦးဝီရသူ မိန့်ကြား

အောင်ကိုဦး

ဇန်န၀ါရီ ၁၅ ရက်တွင် မန္တလေး၌ ကျင်းပမည့် သံဃာအပါး ၅,၀၀၀ ကျော် သံဃာညီလာခံတွင် မျိုးစောင့် ဥပဒေနှင့်ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟု အဆိုပါညီလာခံ ဦးဆောင်ကျင်းပသူ မစိုးရိမ် တိုက်သစ်ဆရာတော် ဦးဝီရသူက မဇ္ဈိမသို့ မိန့်ကြားသည်။

“ညီလာခံမှာ ဆွေးနွေးမှာက မျိုးစောင့်ဥပဒေနဲ့ အမျိုးဘာသာ၊ သာသနာဆိုင်ရာတွေ ဆွေးနွေးမယ်”ဟု မိန့်ကြားသည်။

အဆိုပါညီလာခံတွင် အထက်မြန်မာပြည် အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းခြင်း နှင့် မျိုးစောင့်ဥပဒေအပါအ၀င် အမျိုးဘာသာ၊ သာသနာဆိုင်ရာ ဆွေးနွေးမှုများကို ပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။

မဟာအတုလဝေယံဘုံသာ အတုမရှိကျောင်းတော်ကြီးတွင် ကျင်းပမည့်ညီလာခံသို့ သီတဂူဗုဒ္ဓတက္က- သိုလ်များ၏အဓိပတိ မဟာနာယကချုပ် ဘဒ္ဒန္တဥဏိဿရနှင့် ရန်ကုန်အင်းစိန်ရွာမ ပရိယတိ္တစာသင်တိုက် ကြီး၏ အဓိပတိ မဟာနာယကဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသတို့အပြင် တစ်နိုင်ငံလုံးရှိထေရ်ကြီး၊၀ါကြီး ဆရာတော်ကြီးများ ကြွရောက်မည်ဖြစ်ပြီး ဆရာတော်ကြီးများထံမှ သြ၀ါဒခံယူမည်ဖြစ်သည်။

“တက်ရောက်လာတဲ့သူတွေအားလုံးနဲ့ မျိုးစောင့်ဥပဒေနဲ့ပတ်သက်ပြီး ဆွေးနွေးသွားမှာပါ။ ဒါတွေအားလုံး က နိုင်ငံအတွင်း လူမျိုးရေး၊ ဘာသာရေးတွေမှာ အကြမ်းဖက်မှုတွေမဖြစ်ပေါ်အောင် အသိပညာပေးတာ၊ တားဆီးကာကွယ်တာတွေ စနစ်တကျ လုပ်သွားနိုင်ဖို့ပါပဲ”ဟု ဦးဝီရသူက မိန့်ကြားသည်။

အဆိုပါညီလာခံသို့ အရပ်ဘက် လူမှုအဖွဲ့အစည်း အသီးသီးကိုလည်း ဖိတ်ကြားထားသည်ဟု ဆိုသည်။

ရန်ကုန်မြို့တွင်လည်း အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းပြီး မျိုးစောင့်ဥပဒေနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးဖြစ်သည်။ အဆိုပါအဖွဲ့မှဦးဆောင်ပြီး ဥပဒေပညာရှင်များဖြင့် မျိုး စောင့်ဥပဒေမူကြမ်းကို ရေးဆွဲခဲ့ခြင်းဖြစ်သည်။ “မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးများ လက်ထပ်ထိမ်းမြား ခြင်းဆိုင်ရာ အရေးပေါ်ဥပဒေကြမ်း”ဟု အမည်ပေးထားပြီး အဆိုပါဥပဒေကြမ်းနှင့်ပတ်သက်၍ လွှတ် တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးသိန်းညွန့်နှင့် ဒေါ်ခင်ဝိုင်းကြည်တို့ကလည်း လွှတ်တော်သို့ တင်ပြ ဆွေးနွေးမည်ဟု ပြောကြားခဲ့ဖူးသည်။

အဆိုပါဥပဒေကြမ်းနှင့်ပတ်သက်ပြီး ပြည်သူများ၏ထောက်ခံမဲလက်မှတ်များကောက်ယူကာ လွှတ်တော် များသို့ တင်ပြထားပြီဖြစ်သည်။

No comments: