Monday, January 6, 2014

စစ်ကိုင်းထောင်မှ အကျဉ်းသား ၆၀၀ ကျော် လွတ်မြောက်

ကိုတိုးကြီး

(၆၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် သမ္မတ ဦးသိန်းစိန်က ဇန်နဝါရီလ ၃ရက်တွင် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ရာ စစ်ကိုင်းတိုင်းအတွင်းရှိ အကျဉ်းထောင်ငါးခုမှ အကျဉ်းသား ၆၃၈ ဦး လွတ်မြောက်လာကြောင်း တိုင်းအကျဉ်းဦးစီဌာန ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

မုံရွာအကျဉ်းထောင်မှ ၁၀၉ဦး ရွှေဘို အကျဉ်းထောင်မှ ၂၅၆ ဦး၊ ကသာ အကျဉ်းထောင်မှ ၁၀၆ ဦး၊ ကလေး အကျဉ်းထောင်မှ ၁၁၃ ဦးနှင့် ခန္တီး အကျဉ်းထောင်မှ ၅၄ ဦးတို့ ဇန်နဝါရီလ ၃ရက် ညနေ ၃နာရီကျော်က လွတ်မြောက်လာကြောင်း အထက်ပါ ပုဂ္ဂိုလ်က အတည်ပြု ပြောကြားသည်။

"အခုစာရင်းထက်ကို နောက်ထပ် ထပ်တိုးလာဖွယ်ရာ ရှိတယ်"ဟုလည်း ၎င်းက ဆိုသည်။

သမ္မတ၏ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဇန်နဝါရီလတွင် လွတ်ငြိမ်းချမ်းသာခွင့်ပေးရာ ရန်ကုန်အကျဉ်းထောင်မှ ၅၇၉ ဦး၊ ဧရာဝတီတိုင်း အကျဉ်းထောင်များမှ ဇန်နဝါရီ ၃ ရက်တွင် လွတ်မြောက်လာသည့် အကျဉ်းသား ၈၄၀ ဦး၊ မန္တလေးအိုးဘို အကျဉ်းထောင် မှလည်း ပြစ်ဒဏ်ကျခံနေရသူ ၈၈၃ ဦး၊ စစ်ကိုင်း အကျဉ်းထောင်များမှ ၆၃၈ ဦး၊ ရှမ်းပြည်နယ်မှ ၁၆၇၆ ဦး၊ တောင်ငူအကျဉ်းထောင်မှ ၂၈၀ ဦးတို့ လွတ်ပေးခဲ့သည်။

သီးခြားအတည်ပြုချက်ရယူရန် မဇ္ဈိမက သက်ဆိုင်ရာ အကျဉ်းဦးစီးဌာနတစ်ချို့နှင့် ပြည်ထဲရေးဝန်ကြီးဌာနကို ဇန်နဝါရီလ ၃ ရက် ညနေ ၆ နာရီခွဲခန့်က ဆက်သွယ်သော်လည်း စာရင်းအနှစ်ချုပ် မရရှိသေးကြောင်းသာ ပြန်လည်ဖြေကြားသည်။

နိုင်ငံတော်သမ္မတရုံးက ၁/၂၀၁၄ ဖြင့် ဇန်န၀ါရီလ ၃ ရက်အထိ ထောင်အသီးသီးတွင် ပြစ်မှုတစ်ခုခုဖြင့် ပြစ်ဒဏ်ကျခံရသူ အားလုံး သည် သေဒဏ်ကျခံရသူဖြစ်ပါက ထောင်ဒဏ်တစ်သက် (နှစ် အကန့်အသတ်မရှိ လျှော့ပေါ့)၊ ထောင်ဒဏ်တစ်သက် ကျခံနေရသည့် သူကို ထောင်ဒဏ်နှစ် ၄၀ နှင့် ထောင်ဒဏ် နှစ် ၄၀ အောက် ကျခံရသူကို ပြစ်ဒဏ်၏လေးပုံတစ်ပုံ ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် (ထောင်ဒဏ် ၁၀ ကျခံပြီးသူဖြစ်ပါက) လျှော့ပေါ့ လွတ်ငြိမ်း ချမ်းသာ ခွင့်ပြုလိုက်သည်ဟု ဇန်န၀ါရီလ ၂ရက် ညနေ ၆ နာရီတွင် ထုတ်ပြန်လိုက်သည်။

No comments: