Monday, January 6, 2014

နိုင်ငံရေး အကျဉ်းသားပုဒ်မ တိတိကျကျ ပြဋ္ဌာန်းပေးရန်လု

သဇင်ငြိမ်

မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသား ဥပဒေ ပုဒ်မကို တိတိကျကျ သတ်မှတ်ရန် လိုအပ်ပြီး၊ နိုင်ငံရေး အကျဉ်းသား များကို မတရား ထောင်ချခဲ့သည့် တာဝန်ရှိသူများက ပြန်လည် တောင်းပန်သင့်ကြောင်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီးက ပြောကြားလိုက်သည်။

“သမိုင်းမှာ ဖြစ်ပျက်ခဲ့တာတွေကို ပြန်တောင်းပန်မှ ရှေ့ဆက်နိုင်မယ်။ အဲလိုမှ မဟုတ်ရင် အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုတာ ဂျာနယ်တွေ ရေဒီယိုတွေ လေပေါ်မှာပဲ စကားလုံးအဖြစ်နဲ့ ရှိနေဦးမှာပါ”ဟု ပြောသည်။

ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီ ခန်းမတွင် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီက ဦးစီးကာ မနေ့က ပြုလုပ်ခဲ့သည့် ကျဆုံးသွားသော နိုင်ငံရေးအကျဉ်းသားများ ဂုဏ်ပြုပွဲ အခမ်းအနားတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဦးကိုကိုကြီးက “ဒီနေ့ ဒီအချိန်အထိ နိုင်ငံရေး အကျဉ်းသားတွေဟာ ဘယ်ပုဒ်မတွေ ဆိုတာကို တရားဝင် မသတ်မှတ် နိုင်သေးပါဘူး။ တရားဝင် သတ်မှတ်မှ အဲဒီပုဂ္ဂိုလ်ဟာ အကျဉ်းထောင်ထဲမှာ ဘယ်လိုနေမယ်၊ ဘယ်လိုစားမယ် ဆိုတာတွေကို သတ်မှတ်ရမှာပါ” ဟုပြောသည်။

သူက ဆက်လက်၍ တစ်ချိန်က သမိုင်းရေးခွင့်မရ၊ မှတ်တမ်းတင်ခွင့် မရသော အမှောင်ခေတ်ကို ဖြတ်သန်းခဲ့ရရာမှ ယခုကဲ့သို့ နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီဟု တရားဝင် ပြုလုပ်လာခြင်းသည် တိုးတက်သော ခြေလှမ်း တခု ဖြစ်ကြောင်း ပြောသည်။

နိုင်ငံရေး အကျဉ်းသားများကို စိစစ်ရာတွင် ဥပဒေပုဒ်မ ကိုကြည့်၍မရကြောင်း၊ ထောင်ထဲတွင် ဖြတ်သန်းခဲ့ရမှု များဖြင့်သာ နိုင်ငံရေး အကျဉ်းသားဟု သတ်မှတ်ကြောင်း ပြောသည်။

အဆိုပါ အခမ်းအနားသို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ နိုင်ငံရေး အကျဉ်း သားဟောင်း ဟံသာဝတီ ဦးဝင်းတင်၊ ကျဆုံးသွားသော နိုင်ငံရေး အကျဉ်းသား ၄၈ ဦး၏ မိသားစုဝင်များနှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများ တက်ရောက်ခဲ့ပြီး၊ အတိုက်အခံ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။

နိုင်ငံရေး အကျဉ်းသားများ၏ မိသားစုဝင်အချို့သည် တစ်ခါတစ်ရံ အကျဉ်းထောင်ထဲတွင် ဖြတ်သန်းရသော လူထက် ဆိုးဝါးကြောင်း၊ လူ့အသိုင်းအဝိုင်းတွင် အနှိမ်ခံရ အပယ်ခံရကြောင်း၊ တစ်ဦးနှင့်တစ်ဦး အားပေးရင်း လက်တွဲ

ညီညီဖြင့် ဖြတ်သန်းလာခဲ့ပြီးမှသာ ယခုကဲ့သို့ ဂုဏ်ပြုပွဲ ပြုလုပ်နိုင်ခြင်း ဖြစ်ကြောင်း ဦးမင်းကိုနိုင်က ပြောသည်။

“မိသားစုတွေ ဒီနေ့ထိ ပြန်ပြီးတော့ စုစည်းလို့ မရတာတွေ ကြွေပန်းကန် ကျကွဲသလို ကွဲသွားကြတာတွေ အများကြီး ပါ။ ဒါတွေကို ဖြတ်သန်းလာပြီးတော့မှ ကျဆုံးသွားတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ဂုဏ်ပြုနိုင်တဲ့ အချိန် ရောက်လာ တာပါ” ဟု ဦးမင်းကိုနိုင်က ပြောသည်။

“သူတို့က စစ်ကြောရေးမှာ အမှန်တရားအတွက် အရှုံးမပေးဘဲ အသက်ပေးသွားတဲ့သူတွေပါ။ ကျွန်တော်တို့ အတွက် တော့ ဘယ်တော့မှ မကြွေတဲ့ ကြယ်တွေပါ သူတို့က ခေတ်စကားနဲ့ဆိုရင် ဒီလူတွေကို ဆက်သွယ်မှု ဧရိယာ ပြင်ပထိ ပို့ချင်နေတာ။ ဒါပေမဲ့ဘယ်တော့မှ မရောက်ဘူး” ဟု ပြောသည်။

သူက ဆက်လက်၍ ကျဆုံးသွားသော နိုင်ငံရေး အကျဉ်းသားများသည် တရားမျှတမှု အတွက် ကိုယ်ယုံကြည်ရာ ကိုယ် ရပ်တည်ရင်း အသက်ပေး သွားကြသူများ ဖြစ်ကြောင်း ၊ ၎င်းတို့၏ ပေးဆပ်ခဲ့မှုများကို မှတ်တမ်းတင်ထားကြောင်း ဆက်လက် ပြောကြားသည်။

ထို့နောက်ကျဆုံး နိုင်ငံရေး အကျဉ်းသားများအား ဂုဏ်ပြုမှတ်တမ်းလွှာများကို မိသားစုဝင်များထံသို့ ပေးအပ်ခဲ့သည်။

No comments: